International News

ယာယီအလုပ်လက်မဲ့ဖြစ်မှု အထောက်အပံ့အစီအစဉ်အပေါ် အီးယူအဖွဲ့ဝင်နိုင်ငံများ သဘောတူညီမှုရရှိ

Last Updated:

ယာယီအလုပ်လက်မဲ့ဖြစ်မှုအထောက်အပံ့ပေးရေးအစီအစဉ်အတွက် ချေးငွေယူရို (၁၀၀) ဘီလီယံအထိ အသုံးပြုမည့် ဥရောပကော်မရှင်၏ စီမံကိန်းအပေါ် အီးယူ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သဘောတူညီခဲ့ကြကြောင်း၊ Support to mitigate Unemployment Risks in an Emergency (SURE) အမည်ရှိ အဆိုပါစီမံကိန်းသည် အီးယူ၏ ဘဏ္ဍာရေးဝန်ကြီးများအကြား ဧပြီလအစောပိုင်းတွင် သဘောတူညီခဲ့ကြသည့် safety nets (၃) ခုအနက် တစ်ခုဖြစ်ကြောင်း၊ အခြား safety nets (၂) ခုမှာ ဥရောပတည်ငြိမ်မှုရှိရေးလုပ်ငန်းစဉ် (European Stability Mechanism-ESM) မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအား ချေးငွေပေးအပ်ခြင်းနှင့် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် (European Investment Bank-EIB) မှတစ်ဆင့် ကုမ္ပဏီလုပ်ငန်းများအား အာမခံပေးခြင်းတို့ဖြစ်ကြကြောင်း၊ စုစုပေါင်းတန်ဖိုးအားဖြင့် ယူရို (၅၄၀) ဘီလီယံရှိကြောင်း သိရှိရပါသည်။

အဆိုပါအစီအစဉ်ကို လာမည့် ဇွန်လ(၁) ရက်နေ့မှစတင်ဆောင်ရွက်မည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ လ (၁) ရက်နေ့မှစတင်သည့် ငွေကြေးသုံးစွဲမှုများအထိ အကျုံးဝင်မည် ဖြစ်ကြောင်း၊ SURE အစီအစဉ်ဖြင့် ဥရောပကော်မရှင်သည် အီးယူကိုယ်စား နိုင်ငံတကာအရင်းအနှီးဈေးကွက်တွင် ရန်ပုံငွေမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချေးငွေများအား အီးယူဘတ်ဂျက်နှင့် အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ Gross National Income ဝေစုအလိုက် ပံ့ပိုးပေးထားသည့် အာမခံပေးမှုများဖြင့်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ အာမခံပမာဏ စုစုပေါင်းအနေဖြင့် ယူရို (၂၅) ဘီလီယံရှိကြောင်း၊ အဆိုပါအစီအစဉ်အား ၃၁-၁၂-၂၀၂၂ အထိ ဆောင်ရွက်မည်ဖြစ်ပြီး၊ COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးအပေါ် ပြင်းထန်သည့်ထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ပါက ဆက်လက်သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -   (ဘရပ်ဆဲလ်တိုင်းမ်)

 

 

Category: International News