International News

ယူရိုဇုန်အတိုးနှုန်းထပ်မံတိုးမြှင့်

Last Updated:

 

European Central Bank (ECB) သည် ယူရိုဇုန်အတိုးနှုန်းကို ၀.၇၅ပွိုင့်အထိ ၈.၉.၂၀၂၂ ရက်ကတိုးမြှင့်လိုက်ပါသည်။ ယူရိုဇုန်ဒေသ၏ငွေကြေး ဖောင်းပွမှုနှုန်းသည် ဇူလိုင်လတွင် ၈.၉ ရာခိုင်နှုန်းမှ ဩဂုတ်လတွင် ၉.၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီးနောက် ECB က အတိုးနှုန်း ထပ်မံမြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုတိုးမြှင့်ခြင်းသည် ဇူလိုင်လအတွင်းက ၀.၅၀ ပွိုင့် တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ်တိုးမြှင့်ခြင်းဖြစ်ပါသည်။ ECB တွင် အဖွဲ့ဝင် (၂၅) ဦး ရှိပြီး မူလရည်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းထက် များစွာမြင့်မားနေခြင်းကြောင့် ဆက်လက်၍ အတိုးနှုန်းများကို တိုးမြှင့်ဘွယ်ရှိကြောင်း ECB က ထုတ်ပြန်ခဲ့ပါသည်။ ယခုတိုးမြှင့်လိုက်မှုအရ  အပ်ငွေပေါ်အတိုးနှုန်း ၀.၇၅ ရာခိုင်နှုန်းဖြစ်ပြီး ဘဏ်ချေးငွေပေါ် အတိုးနှုန်းမှာ ၁.၂၅ ရာခိုင်နှုန်းဖြစ်ပါသည်။ ဈေးနှုန်းများမြင့်တက်မှုသည် စွမ်းအင်ဈေးနှုန်းများအပြင် စားသောက်ကုန်နှင့်အခြားကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဈေးနှုန်းများ အားလုံးမြင့်တက်လာမှုကြောင့်ဖြစ်ပါသည်။ ECB ၏ အတိုးနှုန်းတိုးမြှင့်မှုသည် အမေရိကန်နိုင်ငံနှင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများတွင် တိုးမြှင့်မှုထက် နောက်ကျနေလျက်ရှိကြောင်း ဝေဖန်ပြောဆိုမှုများရှိနေပါသည်။

ECB နှင့် ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများရှိဗဟိုဘဏ်များတွင် စီးပွားရေးတိုးတက်မှုရရှိရန်နှင့် ​ ငွေကြေးဖောင်းပွမှုနှုန်းကို ၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်တွင် ထိန်းထားစေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းကာလပြီး နောက်ပိုင်းကာလများမှစတင်၍ အတိုးနှုန်းကို သုညရာခိုင်နှုန်းဝန်းကျင်တွင် ထားရှိခဲ့ကြရာ စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းများကို ထိခိုက်မှုမရှိစေဘဲ ဟန်ချက်ညီစွာဆောင်ရွက်နိုင်ခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါဖြစ်ပွားခြင်းနှင့် နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းကာလများအတွင်း ယခင်ကဲ့သို့ ထိန်းညှိနှိုင်ခြင်းမရှိဘဲ အတိုးနှုန်းများမြှင့်တင်လာရသည့် အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။

ဂျာမန်ဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီး Mr.Christian Lindner က ပါလီမန်၌ မိမိတို့တွင် စီးပွားရေးအရ ကြီးမားသည့်စိန်ခေါ်မှုများနှင့် တွေ့ကြုံနေရ သည့် အခြေအနေဖြစ်ကြောင်း၊ ဦးစွာ ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ကျစေရန်​ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ECB President Ms.Christine Lagarde ကလည်း နောက်ထပ် အစည်းအဝေးများစွာပြုလုပ်၍ အတိုးနှုန်းမြှင့်တင်ရေးအတွက် ဆွေးနွေးသွားရန်ရှိကြောင်း၊ မူလရည်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်းအတိုင်းပြန်ရောက်ရန်လိုအပ်ကြောင်း၊ ယူရိုဇုန်ဒေသစီးပွားရေးမှာ ကျဆင်းလာနေပြီး ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် အစောပိုင်းကာလများတွင် ရပ်တန့်နေမည့် အလားအလာတွင် ရှိနေကြောင်း ပြောဆိုခဲ့ပါသည်။ ယူရိုဇုန်စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၂၂ ခုနှစ် အတွက် ၃.၁ ရာခိုင်နှုန်း၊ ၂၀၂၃ခုနှစ်တွင် ၀.၉ ရာခိုင်နှုန်းနှင့် ၂၀၂၄ခုနှစ်တွင် ၁.၉ ရာခိုင်နှုန်း ခန့်မှန်းထားရှိပါသည်။

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့ )

 

Source:https://www.dw.com/en/european-central-bank-hikes-interest-rates-by-75-basis-points/a-63056854

 

Category: International News