International News

အမေရိကန်သမ္မတ Donald Trump က ကိုရီးယားသမ္မတနိုင်ငံကို G7 ထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားရန်ဆန္ဒရှိနေခြင်းနှင့် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မဟာမိတ်နိုင်ငံနှင့် ကုန်သွယ်မှုမဟာမိတ်နိုင်ငံတို့၏ပဋိပက္ခအကြား ရပ်တည်ရန် ခက်ခဲနေသည့်အခြေအနေ

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇွန်လနှောင်းပိုင်းတွင် ဆောင်ရွက်ရန် မူလစီစဉ်ထားခဲ့ရာမှ ၂၀၂၀ ပြည့် နှစ်၊ စက်တင်ဘာလအထိ ရွှေ့ဆိုင်းလိုက်သော Group 7 (သို့မဟုတ်) G7 Summit ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံကို ဖိတ်ကြားသွားရန်စီစဉ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ Mr. Donald Trump က ပြောကြားခဲ့ကြောင်း၊ ယင်းအနေဖြင့် G7 Summit ကို    ရွှေ့ဆိုင်းလိုက်ခြင်းမှာ လက်ရှိ G7 အဖွဲ့အနေဖြင့် ယခုကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသောအခြေအနေများအတွက် သင့်လျော်သော ရပ်တည်မှုတစ်ခုအဖြစ် ရှိနေနိုင်သည်ဟု မထင်မိသောကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် G7 သည် စက်မှုနိုင်ငံများဖြင့်ဖွဲ့စည်းထားပြီး ခေတ်မမီတော့ကြောင်း၊ ယင်းအဖွဲ့ကို တိုးချဲ့ခြင်းကို အပြည့်အဝထောက်ခံကြောင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို ဖိတ်ကြားသွားမည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

၁၉၇၅ ခုနှစ်မှစတင်၍ အမေရိကန်ပြည်ထောင်စု၊ ဗြိတန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ကနေဒါနှင့် ဂျပန်နိုင်ငံတို့သည် နှစ်စဉ် G 7 ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးရာစိန်ခေါ်မှုများကိုဆွေးနွေးခဲ့ကြကြောင်း၊ အမေရိကန်သမ္မတ Mr. Donald Trump အနေဖြင့် သြစတေးလျ၊ အိန္ဒိယနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့ကဲ့သို့ ကောင်းမွန်သည့်နိုင်ငံများ ပါဝင်သည့်အဖွဲ့ လိုအပ်ကြောင်း၊ ထို့ပြင် ဖြစ်နိုင်ပါက G 10 သို့ G 11 တွေ့ဆုံပွဲအစည်းအဝေး ဖြစ်စေလိုကြောင်း၊ သို့ရာတွင် G 7 အဖွဲ့ကို တိုးချဲ့ခေါ်ယူခြင်းမှာ အခြားအဖွဲ့ဝင်နိုင်ငံများ၏ သဘောဆန္ဒလည်း လိုအပ်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကိုရီးယားအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆွေးနွေးသွားဖွယ်ရှိကြောင်း သမ္မတအိမ်ပြာတော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ထုတ်ဖော် ပြောကြားချက်အရ သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံမှ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ G 7 ထိပ်သီးအစည်းအဝေးသည် ကျင်းပမည်ဖြစ်သည့်အား လျော်စွာ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု နှင့် ရှိရင်းစွဲ မဟာမိတ်ဆက်ဆံရေးအပေါ်ကို ထောက်ရှုရမည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အရဆက်ဆံရေးကို လည်းကြည့်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် တောင်ကိုရီးယားအနေဖြင့် အမေရိကန်သမ္မတ၏ ဖိတ်ကြားမှုကို လက်ခံကာ G 7 အစည်းအဝေးတွင် အခြားသောနိုင်ငံများနှင့် ညွန့်ပေါင်းမဟာမိတ်ဖွဲ့ခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ လက်ရှိအခြေအနေသည် တရုတ်နိုင်ငံ၏စီးပွားရေးအရ ကြီးစိုးခြယ်လှယ်မှုများကို တွန်းလှန်သင့်သည့်အခြေ အနေဖြစ်ကြောင်း၊ ထို့ပြင် G7 တွင် တစ်နေရာအမြဲလိုချင်လျက်ရှိသည့် ရုရှားနိုင်ငံကိုပင်လျှင်ဖိတ်ကြားခြင်းကိုကြည့်ခြင်းအားဖြင့် တရုတ်-ရုရှား ဆက်ဆံရေးအကြား သပ်လျှိုစေရေးရည်ရွယ်လျက် တရုတ်နိုင်ငံကို ဆန့်ကျင်သည့် ယာယီညွန့်ပေါင်းမဟာမိတ်အဖွဲ့ (Anti-China Coalition) ကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ဦးတည် ဆောင်ရွက်လျက်ရှိသည်ကို သိသာစွာသုံးသပ်နိုင်ပါကြောင်းဖြင့် မူဝါဒရေးရာလေ့လာသော Ansan Insticute ၏ဒုတိယဥက္ကဌဖြစ်သူ Mr. Choi Kang မှ တယ်လီဖုန်း အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

G 7 သည်ကမ္ဘာ့ဘဏ္ဍာရေးကဏ္ဍတွင် ဦးဆောင်လျက်ရှိသောနိုင်ငံများဖြင့်သာ ဖွဲ့စည်းထားသည်ဖြစ်ရာ ယခုအခါ ကုန်ထုတ် လုပ်မှု အားကောင်းသည့် တောင်ကိုရီးယား နှင့် အိန္ဒိယနိုင်ငံများကို အမေရိကန်နိုင်ငံအနေဖြင့် ထည့်သွင်းဖိတ်ကြားလာသည်ကိုကြည့်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုတွင် ကုန်ထုတ်လုပ်မှု၏ကဏ္ဍသည်လည်း လွန်စွာအရေးပါခြင်းကို အသိအမှတ်ပြုခြင်းပင်ဖြစ် ကြောင်းလည်း အချို့သောပညာရှင်များက သုံးသပ်ကြပါသည်။

အမေရိကန်သမ္မတ Mr. Donald Trump က ၄င်း၏အုပ်ချုပ်ရေးအဖွဲ့အား ဟောင်ကောင်အတွက် အမေရိကန်၏အထူးကုစားရေးအစီအစဉ်များ အဆုံးသတ်ခြင်း စတင် ရန်နှင့် ဟောင်ကောင်၏ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စု၏လုပ်ပိုင်ခွင့်ကို ကျော်လွန်ထိန်းချုပ်သော အမျိုးသားလုံခြုံရေးဉပဒေအငြင်းပွားမှုတွင် ပါဝင် နေသည့် တရုတ်အရာရှိများအား ပိတ်ပင်မှုများကို ပြုလုပ် သွားရန်အတွက် အမိန့်ပေးခဲ့ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ၄င်းတို့ ထုတ်ထားသော One Country, Two Systems ဖော်မြူလာကို One Country, One system နှင့် အစားထိုးနေကြောင်း ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့အကြား ဆက်ဆံရေးကိုလည်း တရုတ်နိုင်ငံက World Health Organization (WHO) ကို ကျော်လွန်ထိန်းချုပ်နေသည့် အတွက် ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံပြည်တွင်းရေးရာကိစ္စရပ်များတွင် ဝင်ရောက်ပတ်သက်နေမှုများကိုရပ်တန့်သွားရန်နှင့် အကယ်၍ ဆက်လက်လုပ်ဆောင်နေပါက တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည့် တန်ပြန်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့ဖြစ်ရာ လက်ရှိအနေအထားများအရ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မဟာမိတ်နိုင်ငံဖြစ်သော အမေရိကန်နှင့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ တို့အကြားတွင် ရပ်တည်မှုခက်ခဲနေကြောင်း လေ့လာတွေ့ရှိရပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ယခုနှစ်တွင် G7 Summit ကို အလှည့်ကျ ကျင်းပရမည်ဖြစ်ပြီး၊ အမေရိကန်သမ္မတ အနေဖြင့်  ၂၀၂၀  ပြည့်နှစ်၊ မတ်လတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မျက်နှာစုံညီပြုလုပ်သည့် Summit ကိုဖျက်သိမ်းခဲ့ပြီး ၄င်းအစား Videoconference ဖြင့် အစားထိုး ပြုလုပ်ရန်စီစဉ်ခဲ့ကြောင်း၊ မေလ(၂၀)ရက်နေ့ ၄င်း၏ tweeter စာမျက်နှာတွင် G7 အစည်းအဝေးအား ဇွန်လတွင် Maryland, Camp David ၌ ကျင်းပသွားရန် ဖော်ပြထားပြီးသော်လည်း G7 ခေါင်းဆောင်များ၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စိုးရိမ်ပူပန်မှုများနှင့်အတူ ၄င်းတို့ထံမှ တုန့်ပြန်မှုများစွာကိုလည်း တွေ့နေရသည့် အတွက်အစည်း အဝေးကို ရွှေ့ဆိုင်းရန် အဆိုပြုပြီးနောက် G7 Summit ကို နယူးယောက်မြို့၌ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပပြုလုပ်မည့်အချိန် ၂၀၂၀ ပြည့်နှစ် ၊  စက်တင်ဘာလ(၁၅) ရက်နေ့ (သို့မဟုတ်) အမေရိကန်သမ္မတ ရွေးချယ်ပွဲပြုလုပ်မည့်  ၂၀၂၀  ပြည့်နှစ်၊ နိုဝင်ဘာလနောက်ပိုင်းတွင် ကျင်းပသွားနိုင်‌သည်ဟု အမေရိကန်သမ္မတ ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုလ်းမြို့)

Source: The Korea Times

 

Category: International News