International News

အာဆီယံနိုင်ငံများအား တောင်ကိုရီးယားနိုင်ငံ၏ ဘဏ္ဍာရေးဗဟိုချက်ဒေသအဖြစ် မျှော်မှန်းချက်ထားရှိ၍ ဆောင်ရွက်လျက်ရှိ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၏ မဟာစီမံကိန်း (Master Plan) အရ အရှေ့တောင်အာရှဒေသအား တောင်ကိုရီးယား၏ ဘဏ္ဍာရေးဗဟိုချက်ဒေသဖြစ်လာစေရန် မျှော်မှန်းချက် ထားရှိလျက် နောင် (၃) နှစ်ကာလအတွင်း အရှေ့တောင်အာရှဒေသရှိ တောင်ကိုရီးယားဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများကို လက်ရှိအခြေအနေထက် ပိုမိုကျယ်ပြန့် အောင်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသည် ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်မည့် ပဉ္စမအကြိမ်မြောက် မဟာစီမံကိန်း (The 5th Master Plan) ၏ အဓိကမဟာဗျူဟာ (၃) ခုအနက် (၁) ခုဖြစ်ကြောင်း၊ ထို့ပြင်ထိုကဲ့သို့အာဆီယံနိုင်ငံများအား တောင်ကိုရီးယား၏ ဘဏ္ဍာရေးဗဟိုချက်ဒေသအဖြစ် Master Plan တွင် ထည့်သွင်းလာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း (၁၅-၅-၂၀၂၀) ရက်နေ့တွင် ဘဏ္ဍာရေးဝန်ဆောင်မှုကော်မရှင် (Financial Services Commission - FSC) ၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

၂၀၁၉ ခုနှစ်အတွင်း ပြည်ပတွင်ရုံးခွဲဖွင့်လှစ်နိုင်ခဲ့သော တောင်ကိုရီးယားနိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်း (၂၇) ခုအနက် (၁၃) ခုသည် ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင်တည်ရှိကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒထိန်းကျောင်းသူများက ၎င်းတို့၏ ကမ္ဘာ့မဟာဗျူဟာနှင့် ဗဟိုပြုမှုတို့ကိုအာဆီယံစျေးကွက်ဆီသို့ ဦးတည်ရေးဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံ၏အနာဂတ် ကမ္ဘာ့စျေးကွက်ကွန်ယက်ဖြစ်လာရန် အလားအလာရှိသည့် အာဆီယံဒေသ၏ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက် များကို ဖြည့်ဆည်းသင့်ကြောင်း Korea Capital Market Institute (KCMI) ၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက Financial Services Commission (FSC) သို့ အကြံပြုချက်အပေါ်တွင် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်းဘဏ္ဍာရေးစျေးကွက်သည် ပြည့်နှက်နေပြီဖြစ်သဖြင့် ကမ္ဘာ့ ဘဏ္ဍာရေးကုမ္ပဏီများအနေဖြင့် တောင်ကိုရီးယားနိုင်ငံအတွင်းတွင် ထပ်မံရင်းနှီးမြှုပ်နှံရေးအတွက် Inbound Strategy အရ ဆွဲဆောင်ရန်ခက်ခဲမည်ကို KCMI အနေဖြင့် သိရှိနားလည်ထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ယင်းအစား အလားအလာရှိသော အရှေ့တောင်အာရှနိုင်ငံများတွင် တောင်ကိုရီးယားဘဏ္ဍာရေး အဖွဲ့အစည်းများမှ ရင်းနှီး မြှုပ်နှံမှုများ တိုးချဲ့ခြင်းဖြင့် နိုင်ငံခြားစတော့ရှယ်ယာများကိုဝယ်ယူစေမည့် Outbound Strategy အဖြစ် ပိုမိုစိတ်ဝင်စားလာကြကြောင်း၊ ကမ္ဘာ့ဘဏ္ဍာရေးဝန်းကျင်၏ ပြောင်းလဲလာမှုအရ နိုင်ငံခြားဘဏ္ဍာရေးကုမ္ပဏီများသည် ၎င်းတို့၏ရုံးချုပ်များမှ အမြတ်အစွန်းရရှိမှု လျော့ကျလာသည့်အလျောက် တောင်ကိုရီးယားနိုင်ငံအတွင်းမှ လုပ်ငန်းများကို လျှော့ချလာကြကြောင်း သိရှိရပါသည်။

သို့ရာတွင် ဘဏ္ဍာရေးဆိုင်ရာမူဝါဒထိန်းကျောင်းသူများအနေဖြင့် ပြည်တွင်းဘဏ္ဍာရေး မဟာဗျူဟာများအတွက်လည်း လိုအပ်သည်များကို ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ပြည်ပသို့ သွားရောက်ရင်းနှီးမြှုပ်နှံမည့် တောင်ကိုရီးယားဘဏ္ဍာရေးအဖွဲ့အစည်းများအား ပံ့ပိုးအားပေးသည့်နည်းတူ တောင်ကိုရီးယားနိုင်ငံအတွင်းရှိ နိုင်ငံခြားဘဏ္ဍာရေးလုပ်ငန်းများအတွက်လည်း တိုးတက်စေရန် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဆိုးလ်မြို့နှင့်ဘူဆန်မြို့ တို့၏ အားသာချက်များကိုအသုံးချလျက် တောင်ကိုရီးယားနိုင်ငံအား ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်ဒေသဖြစ်လာစေရန် စီမံကိန်းများချမှတ်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News