International News

အိန္ဒိယနိုင်ငံ၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်၌ ဂျုံတင်ပို့မှု မြှင့်တင်နိုင်ရန် ကုန်စည်ဒိုင်အခွန် ကင်းလွတ်ခွင့်ပြုမည်

Last Updated:

ရုရှား- ယူကရိန်း ပဋိပက္ခကြောင့် နိုင်ငံတကာဈေးကွက်၌ သွင်းအားစုပြတ်လပ်လျက် အိန္ဒိယနိုင်ငံမှထွက်ရှိသည့် ဂျုံများအပေါ် ဝယ်လိုအားမြင့်တက်နေချိန်၌ ပြည်ပပို့ကုန်မြှင့်တင်မှု ကို တွန်းအားပေးမှုအဖြစ် ပို့ကုန်လုပ်ငန်းရှင်များ၏ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ကုန်စည်ဒိုင်များမှတစ်ဆင့် ဂျုံဝယ်ယူတင်ပို့မှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ပသို့ ဂျုံတင်ပို့မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal နှင့် တွေ့ဆုံ ဆွေးနွေးရန် နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ် Mr. Shivraj Singh Chouhan က ၎င်းတို့ ပြည်နယ်မှထွက်ရှိသော ဂျုံများအား ပြည်ပတင်ပို့ရာတွင် ကုန်စည်ဒိုင်အခွန် (mandi tax) ကို ကောက်ခံမည်မဟုတ်ကြောင်း၊ ပို့ကုန် လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအတွက် တတ်နိုင်သမျှ ကူညီပံ့ပိုးမှုအားလုံးကို အစိုးရက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ပြည်ပတင်ပို့သူများအနေဖြင့် ကုန်စည်ဒိုင်များမှ ဂျုံဝယ်ယူတင်ပို့မှုအပြင် တောင်သူလယ်သမားများထံမှလည်း တိုက်ရိုက်ဝယ်ယူနိုင် ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဂျုံတင်ပို့မှုအတွက် မီးရထားတွဲဆိုင်းများရရှိနိုင်ရေးကိုလည်း ရထားပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်မှု အဖွဲ့က စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကယ်၍ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အဓိကကုန်စည်ဒိုင်များတွင် ပြည်ပတင်ပို့ မည့်ဂျုံများ သိုလှောင်ရန် နေရာလိုအပ်ချက်ရှိပါက စရိတ်သက်သာစွာဖြင့် ငှားရမ်းရရှိနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ပြည်နယ် အတွင်း အဓိကကုန်စည်ဒိုင်များတွင် ဂျုံများ၏ တန်ဖိုးမြှင့်တင်မှုနှင့် အရည်အသွေးဆိုင်ရာ ထောက်ခံချက် လက်မှတ်ထုတ်ပေးမှုများ အတွက် ဓာတ်ခွဲခန်းများနှင့် အခြေခံအဆောက်အအုံများ ရရှိနိုင်စေမည်ဖြစ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဒေသခံတစ်ဦး နှင့် ပူးတွဲမှတ်ပုံတင်လျက် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ဈေးကွက်မှ ဂျုံများကို အင်တာနက်လေလံစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်ကြောင်း စသည်ဖြင့်  ၂၄-၃-၂၀၂၂ နေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၌ ဂျုံစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံး ပြည်နယ်ဖြစ်ပြီး ၂၀၁၉-၂၀ ဆောင်းသီးနှံ ရာသီ၌ စိုက်ဧရိယာဟက်တာ ၆၅.၅ သိန်းမှ ဂျုံတန်ချိန် ၁၉၆ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၁-၂၂ ဆောင်းသီးနှံရာသီတွင် ၃-၂-၂၀၂၂ နေ့အထိ တစ်နိုင်ငံလုံး ဂျုံစိုက်ဧရိယာဟက်တာ ၃၄၃.၂၆၃ သိန်းအနက် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်၌ ဟက်တာ ၉၁.၉၆ သိန်း စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရှိရသည်။ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် အစိုးရ၏ ယခုကဲ့သို့ စီစဉ်ဆောင်ရွက်မှုသည် ဂျုံတင်ပို့မှုကို တိုးတက်စေမည့်အပြင် တောင်သူများကိုလည်း ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Madhya Pradesh govt to waive off mandi tax to boost export of wheat, 24-3-2022, Economic Times

Category: International News