International News

အိန္ဒိယနိုင်ငံ၌ ကုလားပဲများအား အခြေခံရည်ညွှန်းဈေးနှုန်းအောက်၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတစ်ဝန်း၌ ၂၀၂၁-၂၂ ခုနှစ် ဆောင်းသီးနှံရာသီတွင် စိုက်ပျိုးထားရှိသော ကုလားပဲများအား ရိတ်သိမ်းလျက်ရှိပြီး မဒ္ဒရာပရာဒေ့ရှ်၊ မဟာရဋ္ဌ၊ ဂူဂျရတ် တို့အပါအဝင် အဓိကစိုက်ပျိုးထုတ်လုပ်ရာ ပြည်နယ်များရှိ ကုန်စည်ဒိုင်များသို့ ဈေးကွက် ဝင်ရောက်မှု များပြားလျက်ရှိရာ အစိုးရက အနိမ့်ဆုံးထား၍ ဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်း (MSP) အောက် ၁၅% ခန့် အထိ ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Bimal Kothari က ယခုနှစ်တွင် ကုလားပဲအထွက်နှုန်း ကောင်းမွန်မှုရှိပြီး မဟာရဋ္ဌနှင့် ဂူဂျရတ်ပြည်နယ်တို့၌ ကုန်စည်ဒိုင်များသို့ ဈေးကွက်ဝင်ရောက်မှုသည် ပုံမှန်ထက် ၂၅% ခန့် ပိုမိုလျက် ရှိကြောင်း၊ သို့ဖြစ်ရာ ကုလားပဲအတွက် သတ်မှတ်ထားသည့် MSP ဈေးနှုန်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၅၂၃၀/- အောက် ၁၅% ခန့် လျော့နည်း၍ ရူပီး ၄၃၀၀ မှ ၄၄၀၀ အတွင်း၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မဟာရဋ္ဌပြည်နယ်၊ Akola ခရိုင်တွင် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ကုလားပဲအသစ်များ ဈေးကွက်ဝင်ရောက်မှု မြင့်တက်လျက် ကုန်သည်များအနေဖြင့် သီးနှံပမာဏအမြောက်အမြားကို ကိုင်တွယ်နိုင်စွမ်းမရှိသဖြင့် ၂ ရက်ကြာ ဈေးကွက်ပိတ်ထားခဲ့ရကြောင်း၊ ကုလားပဲဈေးနှုန်းများမှာ လက်ရှိနှုန်းထားအောက် ဆက်လက်ကျဆင်းဖွယ် မရှိသော်လည်း တောင်သူများ အကျိုးဖြစ်ထွန်းမည့် ဈေးနှုန်းအထောက်အပံ့ဖြစ်စေ ရန်အတွက် အစိုးရအနေဖြင့် သီးနှံလက်ဝယ်ထားရှိ သိုလှောင်နိုင်ခွင့်ကန့်သတ်ချက်အား ပယ်ဖျက်ပြီး အနာဂတ်ကာလအတွက် ကုလားပဲသီးနှံ ကြိုတင်ရောင်းဝယ်မှုကို ခွင့်ပြုပေးသင့်ကြောင်း ပြောဆိုပါသည်။

ကုန်စည်သိုလှောင်ဈေးကစားမှုများ မဖြစ်ပေါ်စေရေးနှင့် ဈေးကွက်တည်ငြိမ်မှုရှိစေရေးတို့အတွက် အိန္ဒိယအစိုးရသည် ပဲမျိုးစုံ လက်ဝယ်သိုလှောင်ထားရှိနိုင်မှုကို ကန့်သတ်လျက် ကြိုတင်ရောင်းဝယ်ခြင်းများကိုလည်း တားမြစ်ထားရာ ယခုကဲ့သို့ သီးနှံ အမြောက်အများထွက်ပေါ်ချိန်၌ ကုန်သည်များ၏ ဝယ်ယူရင်းနှီးမြှုပ်နှံလိုမှုမှာ လျော့ပါးလျက်ရှိသည်။ လက်ရှိကာလ၌ ကုန်သည်များ အနေဖြင့် ကုလားပဲတန်ချိန် ၂၀၀ ကိုသာ အများဆုံးသိုလှောင်ထားခွင့်ရှိပြီး ကြိတ်ခွဲထုတ်လုပ်သည့် ပဲခွဲစက်လုပ်ငန်းများမှာမူ စက် စွမ်းအားပြည့် လည်ပတ်နိုင်မှု၏ ၆ လစာအထိသာ သိုလှောင်နိုင်ခွင့်ရှိသည်။

၂၀၂၁-၂၂ စိုက်ပျိုးရေးနှစ်အတွက် အဓိကသီးနှံများ စိုက်ပျိုးထွက်ရှိနိုင်မည့်အခြေအနေ ဒုတိယအကြိမ် ခန့်မှန်းချက်တွင် ဆောင်း သီးနှံအဖြစ် စိုက်ပျိုးသည့်ကုလားပဲကို မူလလျာထားချက် တန်ချိန် ၁၀.၆၆ သန်းထက် ပိုမိုလျက် တန်ချိန် ၁၃.၁၂ သန်းအထိ ထွက်ရှိ နိုင်မည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားသည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ၁၇-၃-၃၀၂၂ နေ့ သတင်းထုတ်ပြန်ချက်အရ ကုလားပဲစိုက်ဧရိယာ ဟက်တာ ၁၁၄.၉၅ သိန်းအနက် ၄၆% နှင့် ပဲနီလေးစိုက်ဧရိယာ ဟက်တာ ၁၇.၇၁ သိန်းအနက် ၄၄% တို့ကို သီးနှံရိတ်သိမ်းမှုဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အစိုးရ၏ MSP အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ကုလားပဲဝယ်ယူရေး လုပ်ငန်းအဆင့် ဆင့်ကိုလည်း ပြည်နယ်များ၌ ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ၏ ဝယ်ယူရေးလုပ်ငန်း အပြည့်အဝလုပ်ဆောင်နိုင်ချိန်၌ ကုလားပဲ ဈေးနှုန်းများမှာ တည်ငြိမ်မှုရရှိလာမည်ဟု ကုန်သည်များက ပြောဆိုလျက်ရှိကြကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်၊ Indore မြို့အခြေစိုက် အိန္ဒိယ ပဲခွဲစက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Suresh Agarwal က ပဲစင်းငုံနှင့် ပဲတီစိမ်းတို့နည်းတူ ကုလားပဲသည်လည်း MSP ဈေးနှုန်း၏အောက်၌ အနိမ့်ကျဆုံးအခြေအနေဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ သို့ရာတွင် အစိုးရ၏ MSP ဈေးနှုန်းဖြင့် စတင်ဝယ်ယူလာမှုအရ ယခုထက်ပို၍ ကုလားပဲဈေးနှုန်း ကျဆင်းဖွယ်မရှိကြောင်း ပြောဆိုပါသည်။ JLV Agro ကုမ္ပဏီမှ လုပ်ငန်းရှင် Mr. Vivek Agarwal ကလည်း ယခုနှစ် ကုလားပဲအထွက်နှုန်းမှာ လွန်စွာကောင်း မွန်မှုရှိသကဲ့သို့ ယခင်နှစ်ဟောင်း ကုန်စည်များ လက်ကျန်ရှိနေသဖြင့် ဈေးကွက်၌ အရောင်းအဝယ်အေးနေမည့် အခြေအနေဖြစ် ကြောင်း၊ အစိုးရ၏ သွင်းကုန်မူဝါဒများနှင့် ဈေးကွက်ထိန်းသိမ်းမှုများအရ ပဲဈေးကွက်တစ်ခုလုံးသည် ဈေးနှုန်း ဘောင်တစ်ခုအတွင်း ၌သာ အတက်အကျရှိနေမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ဂူဂျရတ်ပြည်နယ် Ahmedabad မြို့အခြေစိုက် ပဲခွဲစက်လုပ်ငန်းရှင် Mr. Punit Bachawat ကလည်း တောင်သူများအနေဖြင့် အစိုးရဝယ်ယူရေးအဖွဲ့အစည်းဖြစ်သော အမျိုးသားစိုက်ပျိုးရေး သမဝါယမ ဈေးကွက်မြှင့်တင်မှု အသင်းချုပ်လီမိတက် (NAFED) ထံသို့ MSP ဈေးနှုန်းဖြင့် ရောင်းချရန် ၎င်းတို့၏ထုတ်ကုန်များကို ထိန်းသိမ်း ထားမည့်အခြေအနေရှိပြီး ရှေ့လာမည့်ကာလ၌ ကုလားပဲဈေးနှုန်းများမှာ မြင့်တက်လာဖွယ်ရှိကြောင်း၊ ဂူဂျရတ်ပြည်နယ်မှ ထွက်ရှိ သော ကုလားပဲတန်ချိန် ၄ သိန်းအထိကို ဝယ်ယူရန်လျာထားရာ အစိုးရ၏ ဝယ်ယူရေးလုပ်ငန်းများမှာ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ပြောဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:    The Hindu Business Line

  1. Rabi harvest in full swing; area under summer pulses rises, 17-3-2022
  2. Chana rules below MSP on higher arrival, 21-3-2022
Category: International News