International News

အီးယူဒေသစီးပွားရေးနှင့်အရှေ့တောင်အာရှနိုင်ငံများ၏အလားအလာ

Last Updated:

အီးယူဒေသသည် အရှေ့တောင်အာရှနိုင်ငံများ၏ အရေးပါသည့် ကုန်သွယ်မှုမိတ်ဘက်များတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အီးယူဒေသတွင် စီးပွားရေးတိုးတက်မှု နှေးကွေးမှုရှိလာခြင်းအပေါ် အရှေ့တောင်အာရှနိုင်ငံများက သတိကြီးစွာစောင့်ကြည့်နေကြသလိုအခွင့်အရေးရရှိနိုင်မှုကိုလည်း လေ့လာနေကြပါသည်။ စွမ်းအင်ကဏ္ဍအကြပ်အတည်းများနှင့် မြင့်တက်လာနေသော ငွေကြေးဖောင်းပွမှုများက ယခုနှစ်ကုန်ပိုင်းတွင် ပိုမိုခက်ခဲမှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ နေထိုင်မှုစရိတ်မြင့်တက်လာမှုများက စားသုံးမှုစရိတ်များကို လျော့ကျလာစေနိုင်ကြောင်း ခန့်မှန်းထားရှိကြပါသည်။

Bloomberg economist ဖြစ်သူ Ms.Tamara Henderson က အီးယူဒေသ၏ စီးပွားရေးကျဆင်းလာမှုက အရှေ့တောင်အာရှနိုင်ငံများ၏ ပို့ကုန်၊ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကြီးမားစွာသက်ရောက်မှုရှိစေနိုင်ကြောင်း၊ နှစ်စဉ်စီးပွားရေး တိုးတက်မှုများ နှေးကွေးလာနိုင်ဖွယ်ရှိကြောင်း၊ တစ်ဖက်တွင်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် စီးပွားရေးကဏ္ဍ ပြန်လည်ဖွင့်လှစ်ခြင်းများကို တစ်ဖြည်းဖြည်းပြန်လည်ပြုလုပ်လာနေပြီး အီးယူဒေသစီးပွားရေး အကြပ်အတည်းများမှ ပို့ကုန်များပိုမိုတိုးမြှင့်တင်ပို့ခြင်းဖြင့် အခွင့်အလမ်းများ ရယူနိုင်မည့် အလားအလာတွင်ရှိနေကြောင်း ပြောဆိုခဲ့ပါသည်။

အီးယူဘက်မှ စာရင်းအင်းအချက်အလက်များအရ အာဆီယံနိုင်ငံများက အီးယူနိုင်ငံများသို့ တင်ပို့မှုသည် ၂၀၂၀ ခုနှစ်တွင် ယူရို (၁၂၀) ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် ယူရို (၁၃၆) ဘီလီယံခန့် ရှိခဲ့ပါသည်။ အာဆီယံဘက်မှ စာရင်းအင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ (၁၅) ရာခိုင်နှုန်း ရှိပါသည်။ ခရီးသွားကဏ္ဍတွင်မူ အီးယူနိုင်ငံများက အာဆီယံဒေသသို့ လာရောက်မှုသည် စုစုပေါင်း ခရီးသွားဝင်ရောက်မှု၏ ၅ ရာခိုင်နှုန်းခန့်သာရှိသော်လည်း ပိုမိုလာရောက်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားရှိပါသည်။ အာဆီယံနိုင်ငံများမှ အီးယူသို့ ပို့ကုန်သည် ၂၀၂၁ ခုနှစ်တွင် ဗီယက်နမ် ပို့ကုန်၏ ၁၁ ရာခိုင်နှုန်း၊ မလေးရှားပို့ကုန်၏ ၁၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ပို့ကုန်၏ ၂၀ ရာခိုင်နှုန်း ခန့်ရှိခဲ့ပါသည်။ ဗီယက်နမ်ပို့ကုန်သည် ယခုနှစ် ပထမနှစ်ဝက်ကာလအတွင်း ယခင်နှစ် ကာလတူထက် ၄၅ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စာရင်းအင်းအချက်အလက်များက ထုတ်ပြန်ခဲ့ပါသည်။ အာဆီယံနိုင်ငံများက အီးယူမှတင်သွင်းမှုသည် ၂၀၂၁ ခုနှစ်အတွင်း ယူရို(၈၀)ဘီလီယံခန့် ရှိခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၂၀၂၂ခုနှစ်အတွက် ကမ္ဘာ့ဂျီဒီပီ တိုးတက်မှုနှုန်းကို မူလခန့်မှန်းထားသည့် ၃.၆ ရာခိုင်နှုန်းမှ ၃.၂ ရာခိုင်နှုန်းသို့ ပြောင်းလဲခန့်မှန်းထားပြီး၂၀၂၃ခုနှစ် အတွက် ၂.၉ ရာခိုင်နှုန်း ခန့်မှန်းထားရှိပါသည်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ကလည်း အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၂၀၂၂ ခုနှစ်အတွက် မူလ (၅.၂)ရာခိုင်နှုန်းမှ (၄.၆)ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၃ခုနှစ်အတွက် မူလ (၅.၃) ရာခိုင်နှုန်း မှ (၅.၂) ရာခိုင်နှုန်းသို့လည်းကောင်း လျော့နည်းခန့်မှန်းထားရှိပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့ )

 

Source: https://www.dw.com/en/eu-recession-fears-spark-concern-in-southeast-asia/a-63072169

Category: International News