International News

အီးယူရှိ အသေးစားလုပ်ငန်းများ၏ ပြည်ပပို့ကုန်တင်ပို့မှုမှ လူဦးရေ (၁၃) သန်းကျော်ကို အလုပ် အကိုင်ဖန်တီးပေးထား

Last Updated:

ဥရောပကော်မရှင်မှ ၁၅-၆-၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေးလေ့လာသုံးသပ်ချက်အရ အီးယူ၏ ပို့ကုန်တင်ပို့မှုတွင် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs) သည် အဓိကအခန်းကဏ္ဍမှပါဝင်နေသည်ကို လေ့လာတွေ့ရှိရပြီး၊ ၂၀၁၇ ခုနှစ်တွင် အီးယူပြင်ပသို့ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ တင်ပို့ရောင်းချခဲ့ သည့် ကုမ္ပဏီပေါင်း (၇) သိန်းအနက် (၆၁၅,၀၀၀) မှာ SMEs လုပ်ငန်းများဖြစ်ကြောင်း သိရှိရပါသည်။ ကိုရိုနာဗိုင်းရပ်စ်အလွန် စီးပွားရေးပြန်လည် ထူထောင်ရေး အနေဖြင့် အီးယူပြင်ပ ပို့ကုန်တင်ပို့မှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတို့တွင် SMEs လုပ်ငန်းများ၏ အားကောင်းသောပါဝင်မှုကို သေချာစေရန် ဆောင်ရွက်သင့်ကြောင်းလည်း အဆိုပါလေ့လာ သုံးသပ်ချက်ကအကြံပြုထားပါသည်။ ယင်းလေ့လာမှုတွင် မကြာသေးမီနှစ်များအတွင်း ပြည်ပပို့ကုန်တင်ပို့လျက်ရှိသည့် အီးယူ SMEs လုပ်ငန်းများ၏ အရေးပါမှု၊ ၎င်းလုပ်ငန်းများ၏ အရေအတွက်၊ အီးယူ၏ ပို့ကုန်တင်ပို့မှုတွင် ပါဝင်သည့် ဝေစုနှင့် အီးယူ၏ ကုန်သွယ်မှုမူဝါဒနှင့် အခြားမူဝါဒများ ချမှတ်ရာတွင် အထောက် အကူပြုမည့် အဓိကအချက်များကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ပါသည်။ လေ့လာဆန်းစစ်မှုဆိုင်ရာ အညွှန်းကိန်းများမှာ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း၊ ပို့ကုန်တင်ပို့မှုဆိုင်ရာ ဒစ်ဂျစ် တယ်အသုံးပြုနိုင်မှု၊ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုနှင့် SMEs များမှ အလုပ်အကိုင်ထောက်ပံ့ ပေးနိုင်မှုတို့ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်တွင် အီးယူ၏ အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ ကုန်စည်တင်ပို့မှုတန်ဖိုး ယူရို (၄၇၆) ဘီလီယံဖြင့် အီးယူမှ ပြင်ပပို့ကုန်တင်ပို့မှုစုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းရှိခဲ့ပါသည်။ အထည်အလိပ်၊ ပရိဘောဂ၊ ပုံနှိပ်နှင့်မီဒီယာလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးထွက်ကုန်၊ သစ်တောထွက်ကုန် ပစ္စည်းစသည်ဖြင့်  စီးပွားရေးလုပ်ငန်း ကဏ္ဍများစွာတွင် အီးယူပို့ကုန်တင်ပို့မှု စုစုပေါင်း တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော်ကို SMEs လုပ်ငန်းများက ကိုယ်စားပြုထားခြင်းဖြစ်ပါသည်။ မကြာသေးမီနှစ်များ အတွင်း အီးယူ၏ ပို့ကုန်တင်ပို့သည့် SMEs အရေအတွက်မှာ တည်ငြိမ်စွာဖြင့် တိုးတက်လာနေပြီး၊ ၎င်းလုပ်ငန်းများသည် ကဏ္ဍများစွာ၌ ကုမ္ပဏီ လုပ်ငန်းကြီးများထက်  ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုထုတ်ကုန်များတွင် ပိုမိုယှဉ်ပြိုင်နိုင်လာကြကြောင်းသိရှိရပါသည်။ အီးယူ SMEs များ၏ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုမှာ ပျမ်းမျှ စီးပွားရေးလုပ်ငန်းများထက် လျော့နည်းပြီး၊ SMEs ပို့ကုန် များ၏ ၇၀ ရာခိုင်နှုန်းသည် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုတွင် low to medium-low အဆင့်တွင် သာရှိကြောင်း၊  အီးယူရှိ SMEs ပို့ကုန် တင်ပို့မှုသည် ပို့ကုန်ဦးဆောင်သည့် အလုပ်အကိုင်ဖန်တီးမှုအတွက် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်နေပြီး၊ ဥရောပ၏ အလုပ် အကိုင်အရေအတွက် (၁၃) သန်း ကျော်မှာ SMEs ပို့ကုန်အပေါ်မှီခိုနေရကာ အီးယူအလုပ်အကိုင်စုစုပေါင်း၏ ၃၇ ရာခိုင်နှုန်းကို ပို့ကုန် လုပ်ငန်းကဏ္ဍမှ ထောက်ပံ့ ထားခြင်းဖြစ်ပါသည်။

သို့ရာတွင် SMEs လုပ်ငန်းများ၏ အမျိုးသားစီးပွားရေးအပေါ် ထည့်ဝင်အကျိုးပြုမှုနှင့် နှိုင်းယှဉ်ပါက အီးယူ SMEs များသည် ပို့ကုန်တင်ပိုမှုတန်ဖိုးအရ ကမ္ဘာ့ကုန်သွယ် မှုတွင် ကိုယ်စားပြုမှု အပိုင်း၌ လုံလောက်သည့် အခြေအနေတွင်မရှိသေးကြောင်း၊ အီးယူ SMEs လုပ်ငန်းများအနေဖြင့် ပို့ကုန်လုပ်ငန်းရပ်များတွင် အားကောင်းစွာဖြင့် ဆက်လက်ပါဝင်နိုင်မှုသေချာစေရေးသည် COVID-19 အလွန်စီးပွားရေး ပြန်လည်ထူထောင်ရေးတွင် အလွန်အရေးကြီးကြောင်း၊ COVID-19 အလွန်ကာလ စီးပွားရေး ကုစားရေး မဟာဗျူဟာ၏တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်ပသွားရောက်ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် အီးယူ SMEs လုပ်ငန်းများသည် နိုင်ငံတကာသို့ ပိုမိုရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ အီးယူ အဖွဲ့ဝင်နိုင်ငံများအကြား SMEs လုပ်ငန်းများ၏ အချက်အလက်များ အထူးသဖြင့် ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ အချက်များမျှဝေခြင်းတွင် ပိုမိုပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် ဖန်တီးပေးရေးနှင့် ဒစ်ဂျစ်တယ်ကူးပြောင်းခြင်းစသည့် အီးယူ၏ မူဝါဒဆိုင်ရာရည်ရွယ်ချက်များကို ကူညီပေးနိုင်မည် ဖြစ်ကြောင်း ဥရောပကော်မရှင်မှ သတင်းဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် - (ဥရောပကော်မရှင်၊ ကုန်သွယ်ရေးဌာန)

 

Category: International News