International News

ဩစတြေးလျနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဗီဇာအစီအစဉ်အသစ်အရ ဗီယက်နမ်နိုင်ငံနှင့် နှစ်နိုင်ငံ နားလည်မှုစာလွှာ လက်မှတ်ရေးထိုးခြင်း

Last Updated:

ဗီယက်နမ်နိုင်ငံမှ အလုပ်သမားများသည် ဩစတြေးလျနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဗီဇာအစီအစဉ်အသစ်အရ သြစတြေးလျ လယ်ယာ မြေများတွင် ပထမဆုံး အလုပ်ခန့်ထားခြင်းခံရမည်ဖြစ်ကြောင်း ABC သတင်းက ၂၉-၃-၂၀၂၂ ရက်နေ့တွင် ရေးသားဖော်ပြထား သည်။ ဩစတြေးလျနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဗီဇာအစီအစဉ်အရ ဗီယက်နမ်နိုင်ငံနှင့် ပထမဆုံး နားလည်မှုစာလွှာကို လက်မှတ်ရေး ထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောကြားခဲ့သည်။ သြစတြေးလျနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆက်ဆံရေး မှာ ခိုင်မာပြီး၊ အကောင်းမြင်သောအစီအစဉ်ကို မျှဝေထားကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ဗီဇာအစီအစဉ်ဖြင့် ပထမဦးဆုံးအလုပ်သမားများ မည်သည့်အချိန်တွင် ရောက်ရှိလာမည် (သို့) လုပ်သားအရေအတွက် မည်မျှအလုပ်ခန့်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ထို့အပြင် ဗီယက်နမ် အလုပ်သမားများသည် ကျွမ်းကျင်လုပ်သား (သို့) ကျွမ်းကျင်မှုမရှိသောလုပ်သား မည်သည့်အမျိုးအစားလုပ်သားများဖြစ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။

စိုက်ပျိုးမွေးမြူရေးဗီဇာအစီအစဉ်သည် လစ်ဘရယ်ပါတီနှင့် အမျိုးသားပါတီ အမတ်များအကြားတွင် နှစ်အတော်ကြာ အငြင်းအခုံဖြစ် ခဲ့သည်။ ဝန်ကြီးချုပ် Scott Morrison သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အထူးဗီဇာအတွက် ပံ့ပိုးကူညီခဲ့သော်လည်း ပြီးခဲ့သောနှစ်တွင် ဗြိတိန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်အရ အမျိုးသားပါတီသည် ဗီဇာသစ်အတွက် ခိုင်မာသောကတိကဝတ်ကို ရရှိသွားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီး David Littleproud က ငါးလုပ်ငန်းနှင့် သစ်တော မပါဝင်မီက သစ်သီးဝလံပန်းမန်ကဏ္ဍတွင် လူ ၂၀,၀၀၀ ခန့်ပြတ်လပ်နေပြီး လက်ရှိတွင် လုပ်သားလိုအပ်ချက် သိသိသာသာများပြား နေကြောင်းပြောကြားကာ ဗီယက်နမ်နှင့် နားလည်မှုစာလွှာကို ကြိုဆိုခဲ့သည်။

ဩစတြေးလျသည် COVID-19 ကိုကိုင်တွယ်ရန် ၎င်း၏ နိုင်ငံတကာဝင်ထွက်ပေါက်များကိုမပိတ်မီ ကြာမြင့်စွာကတည်းက သြစတြေး လျလယ်သမားများက ကျွမ်းကျင်မှုရှိသော ကျွမ်းကျင်မှုမရှိသေးသော လယ်ယာလုပ်သားများကို ခေါ်ယူရန်အတွက် ဗီဇာအသစ် တစ်ခု တောင်းဆိုခဲ့သည်။

ကပ်ရောဂါဖြစ်ပွားနေချိန်တွင် သစ်သီးဝလံပန်းမန်လ်ကဏ္ဍတွင် လုပ်သား ၂၆,၀၀၀ အပိုလိုအပ်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း လုပ်ငန်းကဏ္ဍဆိုင်ရာ သတင်းရင်းမြစ်များက ကိန်းဂဏန်းသည် လက်ရှိတွင် ၁၀,၀၀၀ နီးပါးရှိသည်ဟု ဆိုသည်။ တစ်ချိန်တည်းမှာ ပင် ပစိဖိတ်နှင့် တီမောလက်စတေတို့မှ ကျွမ်းကျင်မှုမရှိသောနှင့် ကျွမ်းကျင်မှုတစ်ဝက်တစ်ပျက်ရှိ သောလုပ်သားများကိုခေါ်ယူသည့် ပစိဖိတ်- ဩစတြေးလျ လုပ်သားရွေ့ပြောင်းမှုအစီအစဉ်အရ ဩစတြေးလျအခြေစိုက် စိုက်ပျိုးမွေးမြူရေး၊ အသားထုတ်လုပ်ခြင်း၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် အလုပ်အကိုင်များလုပ်ကိုင်ရန် နောက်ထပ်အလုပ်သမား ၅၅,၀၀၀ ဦးကို အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။

ဩစတြေးလျသည် စိုက်ပျိုးမွေးမြူရေးဗီဇာအစီအစဉ်အသစ်အတွက် အာဆီယံနိုင်ငံအနည်းငယ်နှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး၊ အင်ဒိုနီးရှားနှင့် သဘောတူညီချက်ကို မကြာမီ အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသည်။

ဩစတြေးလျနှင့် အင်ဒိုနီးရှားတို့သည် စိုက်ပျိုးမွေးမြူရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာလွှာတစ်ရပ်ကို ဇန်နဝါရီလတွင် လက်မှတ် ရေးထိုးခဲ့ပြီး၊ အပြန်အလှန်အကျိုးရှိသော ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေမည်ဟု နှစ်နိုင်ငံကတိကဝတ်ပြုထားကြောင်း သိရှိရ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Sources: www.abc.net.au; www.standard.net.au

Category: International News