International News

ဩစတြေးလျ-အိန္ဒိယနှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်ရန် ဩစတြေးလျအစိုးရက ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း

Last Updated:

ဩစတြေးလျအစိုးရသည် နှစ်နိုင်ငံလုံးရှိ အလုပ်အကိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ကိုပံ့ပိုးပေးနိုင်ရေးအတွက် အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အစိုးရက အမေရိကန်ဒေါ်လာသန်း ၂၈၀ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အိန္ဒိယသည် အင်ဒို- ပစိဖိတ်ဒေသတွင် အရေးကြီးသော စီးပွားရေးနှင့် လုံခြုံရေးမိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယသည် သြစတြေးလျ၏ သတ္တမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး၊ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ ဩစတြေးလျဒေါ်လာ ၂၄.၃ ဘီလီယံရှိခဲ့သည်။  ဆဋ္ဌမမြောက်အကြီးဆုံး ကုန်စည်နှင့် ဝန်ဆောင်မှု ပို့ကုန်ဈေးကွက်ဖြစ်ပြီး၊ တန်ဖိုးမှာ ဒေါ်လာ ၁၆.၉ ဘီလီယံဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယသည် ဩစတြေးလျ၏ တတိယအကြီးဆုံးဝန်ဆောင်မှု တင်ပို့သည့် ဈေးကွက်ဖြစ်သည်။

၂၂-၃-၂၀၂၂ ရက်နေ့တွင် စတင်ဆောင်ရွက်သည့် ၂၀၃၅ ခုနှစ်အထိ အိန္ဒိယ စီးပွားရေးမဟာဗျူဟာ အဆင့်မြှင့်တင်မှု၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် အစိုးရသည် ဆက်ဆံရေးတွင် နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများအဖြစ် အိန္ဒိယ၏ အဓိကမူဝါဒနှင့် ဘဏ္ဍာရေး အဖွဲ့ အစည်းများနှင့် ချိတ်ဆက်မှုအားကောင်းစေရန် ဒေါ်လာ ၁၆.၆ သန်းနှင့် ပိုမိုကောင်းမွန်သော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုနှင့် အိန္ဒိယနိုင်ငံတွင် Austrade တည်ရှိမှု တိုးမြင့်လာစေရေးအတွက်  ပံ့ပိုးကူညီရန် ဒေါ်လာ ၈.၉ သန်းပံ့ပိုးပေးမည် ဖြစ်သည်။

နှစ်နိုင်ငံဝန်ကြီးချုပ်များသည် ၂၂-၃-၂၀၂၂ ရက်နေ့ညတွင် Virtual Meeting ဖြင့်တွေ့ဆုံပြီး၊ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ရန်ပုံငွေများကို ကတိကဝတ်ပြုခဲ့ကြောင်း သိရှိရသည်။

ကုန်သွယ်ရေးဝန်ကြီး Dan Tehan က ဩစတြေးလျအစိုးရသည် ဩစတြေးလျ- အိန္ဒိယစီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတိုးမြင့်လာစေရန် ရင်းနှီးမြှုပ်နှံထားကြောင်း၊ အိန္ဒိယနှင့် သြစတြေးလျတို့သည် ဘုံတန်ဖိုးများ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဖြည့်စွက်စီးပွားရေးများနှင့် စံပြမိတ်ဖက်များဖြစ်စေသည့် ခိုင်မာသော လူအချင်းချင်း ချိတ်ဆက်မှုများကို နှစ်နိုင်ငံမျှဝေထားကြောင်း၊ ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုနှင့် ပိုမိုလုံခြုံပြီး၊ ကွဲပြားသောကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပုံစံများနှင့် ထောက်ပံ့ရေးကွင်းဆက်များရရှိရန် ကြိုးပမ်းကြသောကြောင့် အိန္ဒိယနှင့် ဩစတြေးလျတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး ပါကြောင်း ပြောကြားခဲ့သည်။

ဩစတြေးလျ အစိုးရသည် အိန္ဒိယ၏ စီးပွားရေး မဟာဗျူဟာနှင့် ၎င်း၏ ရည်မှန်းချက်ကြီးသော ပန်းတိုင်များဖြစ်သည့် အိန္ဒိယကို ၂၀၃၅ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၏ ထိပ်တန်းပို့ကုန်ဈေးကွက် (၃) ခုမြောက်အဖြစ် မြှင့်တင်ရန်နှင့် အိန္ဒိယကို သြစတြေးလျ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အာရှတွင် တတိယအကြီးဆုံးနေရာဖြစ်လာစေရန် ကတိပြုထားဆဲဖြစ်သည်။ နှစ်နိုင်ငံစလုံးအတွက် တိုးတက်ပြောင်းလဲလာသော အခွင့်အလမ်းများကို တုံ့ပြန်သည့် (၅) နှစ်ကြာလုပ်ဆောင်ချက်အစီအစဉ်တွင် အရေးပါသော သတ္တု တွင်းထွက်များ၊ ဆိုက်ဘာနှင့် အရေးပါသောနည်းပညာ၊ သိပ္ပံပညာနှင့် ဆန်းသစ်တီထွင်မှုကဲ့သို့သော ပေါ်ထွန်းစ ပူးပေါင်းဆောင်ရွက် မှုနယ်ပယ်များတွင် မိတ်ဖက်အသစ်များ ထူထောင်ခြင်းတို့ပါဝင်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News