International News

၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၁၂၅.၃ သန်းအထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်း

Last Updated:

ဘရာဇီးလ်နိုင်ငံသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ပဲပုတ်စေ့တန်ချိန် ၂.၆၆၇ သန်းတင်ပို့ခဲ့ပြီး မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ပဲပုတ်စေ့တန်ချိန် ၃.၅၆၁ သန်းတင်ပို့နိုင်ရန် မျှော်မှန်းထားသဖြင့်  မတ်လအတွင်း ပဲပုတ်စေ့တင်ပို့ မှုသည် တန်ချိန် ၁၂.၉၅၇ သန်းအထိ ရောက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း၊ ဖေဖော်ဝါရီလတွင် ပဲပုတ်စေ့တန်ချိန် ၉.၁၁၃ သန်းအား တင်ပို့နိုင်ခဲ့ကြောင်း National Association of Cereal Exporters (Anec) ၏ သတင်းတွင် ဖော်ပြထားသည်။ ဘရာဇီးလ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပဲပုတ်စေ့တန်ချိန် ၁၄.၉၁၅ သန်းတင်ပို့ခဲ့သဖြင့် ယခုနှစ်ကာလတူတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၁၃.၁၃ ရာခိုင် နှုန်း လျှော့ကျနိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

မတ်လအတွင်း ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ထွက်ကုန်တင်ပို့မှုတွင် တန်ချိန် ၁.၅၃၇ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တန်ချိန် ၁.၂၆၉ သန်း တင်ပို့ခဲ့သဖြင့် ကာလတူနှိုင်းယှဉ်ပါက ၂၁.၁၂ ရာခိုင်နှုန်း ပိုမိုတိုးတက်ရန် ခန့်မှန်းထားကြောင်း၊ ယခုနှစ်၊ ဖေဖော်ဝါရီလတွင် တန်ချိန် ၁.၅၇၂ သန်းတင်ပို့ထားကြောင်း Anec ၏ သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၁၂၅.၃ သန်း ရှိနိုင်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် တန်ချိန် ၁၃၅.၈ သန်းထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားခဲ့သော်လည်း ဘရာဇီးလ်နိုင်ငံ၏ အချို့ပြည်နယ်များတွင် ရာသီဥတုဖောက် ပြန်မှုများ ကြုံတွေ့ရလျက်ရှိပြီး သီးနှံစိုက်ခင်းများ မိုးရေချိန်လုံလောက်စွာမရရှိသောကြောင့် ပဲပုတ်စေ့အထွက်နှုန်းများ လျှော့ကျနိုင် သဖြင့် ခန့်မှန်းချက်အား ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း Brazilian Association of Vegetable Oil Industries (Abiove) က သတင်း တွင်ဖော်ပြထားသည်။ ထို့အပြင် ပဲပုတ်စေ့အထွက်နှုန်းများ လျှော့ကျနိုင်သော်လည်း ပဲပုတ်ခွံအပါအဝင် ပဲပုတ်စေ့ထွက်ကုန်နှင့် ပဲပုတ်ဆီတင်ပို့နိုင်မည့်ပမာဏ ခန့်မှန်းချက်အား ပြောင်းလဲခြင်းမရှိဘဲ တန်ချိန် ၄၈ သန်းအထိတင်ပို့နိုင်ရန်ခန့်မှန်း ထားကြောင်း Abiove ၏ သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်တွင်းကြိတ်ခွဲမှု၌ ပဲပုတ်စေ့တန်ချိန် ၂.၆ သန်းကို အသုံးပြုခဲ့ပြီး ၂၀၂၁ ခုနှစ်ကာလတူတွင် တန်ချိန် ၃.၁ သန်းကို အသုံးပြုခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပဲပုတ်ဆီပြည်တွင်းစားသုံးမှုသည် တန်ချိန် ၇.၉ သန်းအထိ ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဆီတန်ချိန် ၈.၀၁၇ သန်းစားသုံးခဲ့သဖြင့် နှိုင်းယှဉ်ပါက ၁.၅ ရာခိုင်နှုန်းလျှော့ကျနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ ပဲပုတ်စေ့တန်ချိန် ၁၃၈.၉ သန်းအထိ ထွက်ရှိနိုင်ရန် ခန့်မှန်းထားပြီး ၎င်းတို့အနက်မှ ပြည်ပတင်ပို့မှုသည် တန်ချိန် ၈၆.၁ သန်းရှိနိုင်ရန်နှင့် ပြည်တွင်းကြိတ်ခွဲမှုအတွက် ၄၇.၈ သန်းအား အသုံးပြုနိုင်ကြောင်း Abiove က ခန့်မှန်းထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: International News