Local News

မွန်ပြည်နယ်၊ မုဒုံမြို့ဒေသထွက် မင်းကွတ်သီးများ ဈေးကောင်းရရှိကာ စိုက်ပျိုးသူများအဆင်ပြေ

Last Updated:

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ပြီး ကာလရှည်သီးနှံတစ်မျိုး ဖြစ်သည့် ရာသီပေါ် မင်းဂွတ်သီးများ ယခုနှစ်စတင်ထွက်ရှိချိန်တွင် ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုး သူများ အဆင်ပြေလျက်ရှိသည်။

မင်းဂွတ်သီးပင်များသည် မြေပြန့်နှင့် မြေဩဇာထက်သန်သော သဲနုန်းမြေပွ ၊ ပူအိုက် စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုမျိုးကို ကြိုက်နှစ်သက်၍ အပင်များကို အစေ့မှ ပျိုးထောင် စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ကိုင်းကူးနည်းများဖြင့် အကျယ်သုံးပေ၊ အနက်သုံးပေ အတွင်းမှ တစ်ပင်နှင့်တစ်ပင် ပေ ၂၀ ခန့်အကွာ စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးပင်များ စိုက်ပျိုးပြီး ၁၀ နှစ် မှ ၁၂ နှစ်အရွယ် ရောက်ချိန်မှသာ အသီးစတင်ထွက်ရှိ၍ ခူးဆွတ်ရောင်းချနိုင်ပြီး အပင် တစ်ပင်လျှင် သက်တမ်း နှစ်  ၄၀  မှ  ၅၀ အထိ ရှင်သန်နိုင်ကာ ပိုးမွှားကင်းစင်သည့် အပင်တစ်မျိုးဖြစ်ကြောင်း၊ မင်းဂွတ်သီးများ ယခုစတင် ထွက်ရှိချိန်တွင် တစ်လုံးလျှင် ကျပ် ၅၀၀ မှ ၁၀၀၀ ကျပ်အထိ ရရှိကာ မြို့ပေါ်ဈေးများနှင့် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများအပြင် အခြားမြို့နယ်များကိုလည်း တင်ပို့ရောင်းချရကြောင်း မုဒုံမြို့နေ ခြံစိုက်တောင်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဒေသထွက် သစ်သီးဝလံ မျိုးကောင်းမျိုးသန့်များကို ပြည်တွင်းပြည်ပ တင်ပို့နိုင်ရန် သုတေသနပြုစိုက်ခင်းများ ပျိုးထောင် ထားရှိခြင်း၊ သစ်သီးဝလံ သုတေသန စိုက်ပျိုးရေးနည်းပညာများကို တောင်သူများထံ ဖြန့်ဝေပေးခြင်း၊ သီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူများနှင့်ပူးပေါင်းခြင်းတို့ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source:   https://www.doca.gov.mm/

Category: Local News