Local News

ဆီးသီးပေါ်စ ‌‌စျေးကောင်းရ

Last Updated:

မကွေးတိုင်းဒေသကြီးသည် ဆီးပင်များပေါများစွာ ပေါက်ရောက်ပြီး များသောအားဖြင့် အလေ့ကျပေါက် ရောက်ကာ လယ်ခြံစည်းရိုး၊ အိမ်ခြံစည်းရိုးအဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဆီးသီးပေါသော အညာမြေတွင် ဆီးသီးကိုအခြေခံသည့် Value Addedထုတ်ကုန်များလည်း ထုတ်လုပ်ကြပါသည်။  ဆီးသီးကို ဆီးယို၊ ဆီးပြား၊ ဆီးတော်ဖီ၊ ဆီးဖျော်ရည်နှင့် အလှကုန်များတွင်လည်း ထည့်သွင်းထုတ်လုပ် ကြတာကို တွေ့ရှိရသည်။ ယခုရက်ပိုင်း အချို့ဒေသများတွင် ဆီးသီးစတင်ပေါ်ထွက်လာပြီဖြစ်ရာ ပေါ်ဦးပေါ်ဖျားမှာပင် စျေး‌ကောင်းရနေပါသည်။ ဆီးဆံသည်လည်း ဆေးဖော်ရာတွင်လည်းကောင်း၊ အလှကုန်ထုတ်ကုန်တွင်လည်းကောင်း အသုံးပြုကြသဖြင့် ပြည်ပစျေးကွက် အခိုင်အမာရရှိနေသည့် သီးနှံလည်းဖြစ်ပါသည်။

            ဆီးသီးသည် အကုန်အသုံးဝင်သည့် သီးနှံဖြစ်၍ ဆီးသီးအသားကို ယိုလုပ်ငန်းနှင့်ဖျော်ရည်လုပ် ငန်းတွင်အသုံးပြုပြီး ဆီးခွဲခြမ်းကို ပဲကြော်လုပ်ငန်းမှ လောင်စာအဖြစ် အသုံးပြုကြပါသည်။ ဆီးသီးကို ကြိတ်ခွဲပြီးထွက်ရှိလာသော ဆီးဆံကိုလည်း မန္တလေးမှတစ်ဆင့် တရုတ်သို့အဓိကတင်ပို့နေပြီး အချို့ နိုင်ငံများမှ အမှာရှိလျှင်ရှိသလို တင်ပို့ရောင်းချရပါသည်။

            ၂၀၂၁ခုနှစ်တွင် ဆီးသီးအစို တစ်တင်းလျှင် ၁၅၀၀ကျပ်၊ ဆီးသီးအခြောက်တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ၂၀၂၂ခုနှစ်တွင် ဆီးသီးအစို တစ်တင်းလျှင် ၃၇၀၀ကျပ်၊ ဆီးသီးအခြောက်တစ်တင်းလျှင် ၄၅၀၀ ကျပ်၊ ယခုနှစ်၂၀၂၃ခုနှစ်တွင် ဆီးသီးအစို တစ်တင်းလျှင် ပေါ်စမှာပင် ၆၀၀၀ကျပ်စျေးအထိ ရရှိနေသည့် အတွက် ဆီးသီးတောင်သူများ ဝင်ငွေကောင်းမည့်နှစ်ဖြစ်မည်ဟု မျှော်မှန်းရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News