Local News

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့နိုင်ရေးအတွက် GACC တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် ဆောင်ရွက်နေမှုအခြေအနေများအား အသိပညာပေးဆွေးနွေးပွဲကျင်းပ

Last Updated:

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့နိုင်ရေးအတွက် GACC တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် ဆောင်ရွက်နေမှုအခြေအနေများအား အသိပညာပေးဆွေးနွေးပွဲကို Hybrid စနစ်ဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝးခန်းမ၌ ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာထိန်လင်း ဦးဆောင်၍ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ MSME လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူ စုစုပေါင်း ၂၄၀ ဦး တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာထိန်လင်းက မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် စားသောက်ကုန်များအား တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်ပဈေးကွက်ပိုမိုရရှိစေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ GACC ၏ ကြေငြာချက်အမှတ် ၂၄၈ ၊ ၂၄၉ အရ မှတ်ပုံတင်ပြီးတင်ပို့ခဲ့ရာ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ ၅ နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ အချို့ ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် မှတ်ပုံတင်သက်တမ်းတိုးမြှင့်ရန်နှင့် ကုန်သွယ်မှုဆောင်ရွက်နေစဉ် ကြုံတွေ့နေရသည့် အခက်အခဲများရှိနေသည်ကို သိရကြောင်း၊ Supply Chain ကွင်းဆက်တစ်လျှောက်တွင် ပါဝင်နေသည့် စိုက်ပျိုးတောင်သူ၊ ပွဲစား၊ စက်ပိုင်များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များသို့ ဖြေရှင်းရန်နည်းလမ်းများကို အသိပညာပေးရန် လိုအပ်လျက်ရှိကြောင်း၊ သို့မှသာ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အခက်အခဲများ၊ အားနည်း ချက်၊ အားသာချက်များကို သိရှိဖော်ထုတ်၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပါသည်။

GACC တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်မှသာ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ပြီး  စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်၍ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ အတူပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ၁၃း၃၀ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။                       

 

                                                                                      ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

                                                                                 မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News