International News

ဂျပန်နိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းများ၏ အကြီးတန်းရာထူးများတွင် အမျိုးသမီးများခန့်ထားမှုမှာ ပထမဆုံးအကြိမ်အဖြစ် ၁၀ ရာခိုင်နှုန်းကျော် ရှိခဲ့

Last Updated:

ဂျပန်နိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းများ၏ အကြီးတန်းရာထူးများတွင် အမျိုးသမီး များ ခန့်ထားမှုမှာ ပထမဆုံးအကြိမ်အဖြစ် ၁၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပါသည်။ အဆိုပါ သတင်းတွင် ပုဂ္ဂလိက သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Teikoku Databank မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ကုမ္ပဏီ ၂၇၀,၀၀ ကို စစ်တမ်းကောက်ယူခဲ့ကြောင်းနှင့် စစ်တမ်းကောက်ယူခဲ့မှု၏ ၄၂ ရာခိုင်နှုန်း နီးပါးမှ စစ်တမ်းဖြေဆိုခဲ့ကြောင်းနှင့် စစ်တမ်းဖြေဆိုချက်အရ စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်း ရာထူးများတွင် အမျိုးသမီးများခန့်ထားမှုမှာ ၁၀.၉ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်းနှင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁.၁ ရာခိုင်နှုန်း များပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၌ စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်းရာထူးများတွင် အမျိုးသမီးများခန့်ထားမှုမှာ ပထမဆုံးအကြိမ်အဖြစ် ၁၀ ရာခိုင်နှုန်းကျော်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ စီမံခန့်ခွဲမှု ရာထူးများတွင် အမျိုးသမီးများ ခန့်ထားမှုမှာ များပြားလာလျက် ရှိကြောင်း၊ သို့သော် လက်ရှိတွင် စီမံခန့်ခွဲမှု ဆိုင်ရာ အကြီးတန်းရာထူးများတွင် အမျိုးသားများခန့်ထားမှုမှာ အများဆုံးဖြစ်ကြောင်း၊ စစ်တမ်း ဖြေဆိုသူများ၏ ၄၃ ရာခိုင်နှုန်းမှ ၎င်းတို့၏ ကုမ္ပဏီများရှိ အကြီးတန်းရာထူးများ အားလုံးတွင် အမျိုးသားများသာ ခန့်ထားကြောင်း၊ စစ်တမ်းဖြေဆိုသူများ၏ ၁၁.၄ ရာခိုင်နှုန်းမှ ၎င်းတို့၏ ကုမ္ပဏီများတွင် အမျိုးသမီးများ ခန့်ထားမှုမှာ စုစုပေါင်း ဝန်ထမ်းဦးရေ၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရှိကြောင်း၊ စစ်တမ်းဖြေဆိုသူများ၏ ၃၂.၇ ရာခိုင်နှုန်းမှ အကြီးတန်းရာထူးများတွင် အမျိုးသမီးများ ပိုမိုခန့်ထားလာနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ၄၂.၄ ရာခိုင်နှုန်းမှ ပြောင်းလဲမှု များ ရှိနိုင်မည် မဟုတ်ဟု ဖြေဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။

စစ်တမ်းဖြေဆိုသူများ၏ ၅၄.၄ ရာခိုင်နှုန်းမှ အကြီးတန်းရာထူးများတွင် အမျိုးသမီးများခန့်ထားမှု နည်းပါးရခြင်းမှာ အမျိုးသမီးများ အနေဖြင့် အလုပ်နှင့်မိသားစုကို မျှတအောင် ဆောင်ရွက်ရန် ခက်ခဲသည့်အတွက် ဖြစ်ကြောင်း၊ ၃၈.၅ ရာခိုင်နှုန်းမှ လူမှုစံတန်ဖိုးများကြောင့် ဖြစ်ကြောင်းနှင့် ၃၆.၂ ရာခိုင်နှုန်းမှ အမျိုးသမီးဝန်ထမ်းများအနေဖြင့် ရာထူးတိုးမြှင့်လိုမှု မရှိ သည့်အတွက်ကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဆိုင်ရာ ဘုတ်အဖွဲ့ဝင်နှင့် မန်နေဂျာကဲ့သို့ သော ရာထူးများတွင် အမျိုးသမီးများ ခန့်ထားမှုအရေအတွက်ကို လက်ရှိ ဆယ်စုနှစ်အကုန်ဖြစ် သည့် ၂၀၂၉ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်း၊ သို့သော် ကုမ္ပဏီအများအပြားအနေဖြင့် အကြီးတန်းရာထူးများတွင် အမျိုးသမီးများ ခန့်ထား နိုင်ရေးအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ မိခင်နှင့်ဖခင်အနေဖြင့် ကလေးပြုစုပျိုး ထောင်ခြင်းနှင့် အခြားသော လုပ်ငန်းများကို မျှဝေဆောင်ရွက်နိုင်သည့် ဝန်းကျင် ဖန်တီးပေးခြင်း ဖြင့် လုပ်ငန်းခွင်တွင် အမျိုးသမီးများ ပါဝင်လာမှုကို မြှင့်တင်နိုင်ရေး အစိုးရအနေဖြင့် ဖန်တီး ပေးသင့်ကြောင်းနှင့် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။  

 

Source: The NHK World Japan (၈-၈-၂၀၂၄)  

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News