International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဖရိကနှင့်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးခရီးသစ်ကို စတင် ဆောင်ရွက်မည်

Last Updated:

တရုတ်နိုင်ငံအနေဖြင့် အာဖရိကနှင့် ကမ္ဘာလုံးဆိုင်ရာ ခေတ်မီတိုးတက်ရေးနှင့် လူသားများ တူညီစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ကူညီရန်အသင့်ရှိကြောင်း၊ အာဖရိကနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် အာဖရိကအနေဖြင့် ခေတ်မီတိုးတက်အောင်ဆောင်ရွက်လိုသည့်ပုံစံအတိုင်း လွတ်လပ်စွာထိန်းသိမ်းဆောင်ရွက်နိုင်ရေးနှင့် အနာဂတ်ခေတ်မီဖွံ့ဖြိုးတိုးတက်မှုရရှိရန် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နှင့် အာဖရိကနိုင်ငံများ တူညီစွာရှာဖွေဖော်ထုတ်၍ အာဖရိကအနေဖြင့် လွတ်လပ်မှုရှိသောဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းရှာဖွေရေးအတွက် တရုတ်နိုင်ငံက အခိုင်အမာထောက်ခံပြီး ခေတ်မီတိုးတက်ရေးဆောင်ရွက်ရန် အလိုအပ်ဆုံးဖြစ်မည့် နယ်ပယ်သုံးခု အပေါ်အာရုံစိုက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် အာဖရိကသို့ စက်မှုလက်မှုလုပ်ငန်းပံ့ပိုးကူညီခြင်းဆိုင်ရာ ကနဦး ဆောင်ရွက်ချက်များစတင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍခေတ်မီတိုးတက်ရေးဆိုင်ရာ ပံ့ပိုးသည့်အစီအစဉ်နှင့် စွမ်းရည်ပြည့်ဝသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တရုတ်-အာဖရိက ပူးပေါင်းဆောင် ရွက်ရေး အစီအစဉ်ကို အာဖရိကဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးသည့် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး(FOCAC)၏ မူဘောင်အောက်မှအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးသည် ဦးစားပေးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိက၏ နိုင်ငံအများအပြားတွင် ၎င်းတို့၏ ပထမဆုံး ကားလမ်း၊ ပထမဆုံး ပင်လယ်ဖြတ်ကူး တံတားနှင့် ပထမဆုံးစက်မှုဥယျာဉ်တို့ကို တည်ဆောက်ရန် ကူညီပေးခဲ့ကြောင်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးသည် ပူးပေါင်းဆောင်ရွက်မှု၌ အဓိကဦးဆောင်သည့်ကဏ္ဍဖြစ်ကြောင်း၊ တရုတ်-အာဖရိက ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၂.၁ ဘီလီယံ စံချိန်တင်မြင့်မားခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်ကုန်တွင် အာဖရိကနိုင်ငံ၌ တရုတ်နိုင်ငံမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စတော့ရှယ်ယာသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ရှိခဲ့ကြောင်းနှင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း တရုတ်နိုင်ငံက အာဖရိကတွင် အလုပ်အကိုင် ၁.၁ သန်းကျော် ဖန်တီးပေးခဲ့ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရ ပါသည်။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွန်းအားပေးဆောင်ရွက်မှုသည်လည်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအချက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် အရင်းအမြစ်များကို အဝေးမှထိန်းချုပ်ဆောင်ရွက်သည့် နယ်ပယ်များ၊ ဂြိုလ်တုနှင့် အာကာသ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဘက်ထရီနှင့် photovoltaic ဆိုင်ရာထုတ်ကုန်များစသည့် နယ်ပယ်များတွင် ပူးတွဲသုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း၊ လူသားများကောင်းမွန်တိုးတက် စွာနေထိုင်မှုမြှင့်တင်ရေးမှာ ၎င်းတို့၏ရည်မှန်းချက်ဖြစ်ကြောင်း၊ Luban အလုပ်ရုံ၊ အာဖရိကကျေးရွာ ၁၀,၀၀၀ အတွက် ဂြိုလ်တုတီဗီများတပ်ဆင်ခြင်းနှင့် အာဖရိက ဆိုလာအစီအစဉ်ကဲ့သို့သော သေးငယ် ထိရောက်သည့် စီမံကိန်းများစွာကို အကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

တရုတ်နိုင်ငံ၏ ချဉ်းကပ်သည့်နည်းလမ်းမှာ အခြားသူများအား ငါးမျှားသည့်နည်းလမ်းကို သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အာဖရိကနိုင်ငံများအား တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွေ့အကြုံများကို မျှဝေပေးခြင်း၊ အာဖရိက၏ လူဦးရေဆိုင်ရာအားသာချက်ကို အသုံးပြု၍ လူသားအရင်းအမြစ်ပြုပြင်ပြောင်းလဲမှုအတွက် ကူညီပေးခြင်းနှင့် ၎င်း၏ အရည်အချင်းကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေမည့်လမ်းကြောင်း၌ အပြည့်အဝအသုံးချနိုင်ရေး ကူညီပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် တရုတ်-အာဖရိက Think Tanks ဖိုရမ်တွင် တရုတ်နှင့် အာဖရိကမှ ပညာရှင်များသည် Dar es Salaam သဘောတူညီမှုကို ရောက်ရှိခဲ့ကြောင်း၊ ခေတ်မီခြင်းနှင့်အနောက်တိုင်းပုံစံညီမျှခြင်းဟူသောအတွေးအမြင်မှသွေဖည်၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုချဲ့ထွင်မည့် Global South ၏ ဘုံဆန္ဒကိုထင်ဟပ်စေခဲ့ကြောင်း၊ လာမည့်ရက်သတ္တပတ်တွင်းကျင်းပမည့် ၂၀၂၄ FOCAC ထိပ်သီးအစည်းအဝေး၌ တရုတ်နှင့် အာဖရိကနိုင်ငံခေါင်းဆောင်များသည် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများရှာဖွေပြီး အနာဂတ်ဆောင်ရွက်မည့်လမ်းစဉ်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

 

Source: China to embark on new journey with Africa toward modernization: (www.gov.cn)

ဒေါ်သင်းသင်းအောင်

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

Category: International News