International News

ပို့ကုန်ကျဆင်းပြီး ရွှေတင်သွင်းမှုတိုးမြင့်လာသည့်အတွက် ဩဂုတ်လတွင် ကုန်သွယ်မှုလိုငွေ မြင့်တက်လာသည့် အိန္ဒိယနိုင်ငံ

Last Updated:

အိန္ဒိယနိုင်ငံတွင် ယခုနှစ် သြဂုတ်လတွင် ပို့ကုန်ကျဆင်းပြီး ရွှေတင်သွင်းမှု တိုးမြင့်လာ သည့် အတွက် ဆယ်လတာကာလအတွင်း ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၂၉ ဒသမ ၆၅ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း Reuters သတင်းတစ်ပုဒ်အား ကိုးကား၍ U.S.News သတင်းဌာနက ယခုလ ၁၇ ရက်က ဖော်ပြသည်။

Reuters သတင်းဌာန၏ စစ်တမ်းတစ်ခုအရ သြဂုတ်လ၌ ဖြစ်ပေါ်ခဲ့သော အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် ကန်ဒေါ်လာ ၂၃ ဘီလီယံရှိမည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်း ထားသည်။ လွန်ခဲ့သည့်လက အဆိုပါကုန်သွယ်ရေးလိုငွေပြမှုမှာ ကန်ဒေါ်လာ ၂၃ ဒသမ ၅ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။

"ပို့ကုန်တွေဟာ လက်ရှိကမ္ဘာ့အခြေအနေတွေအပေါ်မှာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်" ဟု ကုန်သွယ်ရေးဌာနအတွင်းဝန် Sunil Barthwal က လစဉ်ကုန်သွယ်မှု အချက် အလက်နှင့် ပတ်သက်၍ သတင်းထောက်များအား ပြောကြားခဲ့သည်။

သင်္ဘောတင်ပို့ခစရိတ်များ မြင့်တက်လာခြင်း၊ ဥရောပနှင့် အမေရိကတို့တွင် စီးပွားရေး ကျဆင်းလာမှုနှင့်အတူ တရုတ်နိုင်ငံတွင် စီးပွားရေးနှေးကွေးလာမှုတို့ စုပေါင်း၍ ပို့ကုန်များအပေါ် အကျိုးသက်ရောက်မှုရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ပဉ္စမအကြီးဆုံး စီးပွားရေးအဆောက်အအုံဖြစ်သော အိန္ဒိယနိုင်ငံမှ ပြင်ပသို့ ပို့ကုန် တင်ပို့မှုမှာ နှစ်အလိုက်တိုးတက်မှု ၉ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းသွားပြီး၊ လွန်ခဲ့သောလက ကန်ဒေါ်လာ ၃၄ ဒသမ ၇၁ ဘီလီယံသို့ ဆက်တိုက်ကျဆင်းသွားခဲ့ကြောင်း အချက်အလက်များ အရ သိရှိရသည်။ တစ်ဖက်တွင် နိုင်ငံ၏ တင်သွင်းမှုမှာ ၃ ဒသမ ၃ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၄ ဒသမ ၃၆ ဘီလီယံအထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။

ယခုနှစ် သြဂုတ်လတွင် အိန္ဒိယနိုင်ငံ၏ လစဉ်ရွှေတင်သွင်းမှုသည် ယခင်လနှင့် နှိုင်းယှဉ် ပါက ကန်ဒေါ်လာ ၁၀ ဒသမ ၀၆ ဘီလီယံအထိ သုံးဆကျော် မြင့်တက်ခဲ့ပြီး၊ တစ်စိတ်တစ်ပိုင်း အားဖြင့် ပြည်တွင်းဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။တန်ဖိုးသတ်မှတ်ချက်အရ သြဂုတ်လ ရွှေတင်သွင်းမှုသည် ၂၀၂၁ ခုနှစ် မတ်လ နောက်ပိုင်း တွင် အမြင့်ဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း Reuters သတင်း ဌာန၏ တွက်ချက်မှုများအရ သိရသည်။

ရွှေတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ လျှော့ချဖြတ်တောက် ခဲ့ပြီးနောက် ဇူလိုင်လ ဘတ်ဂျက်တွင် တရားဝင်လမ်းကြောင်းများမှ ရွှေတင်သွင်းမှု တိုးမြင့်လာသဖြင့် ရွှေမှောင်ခိုတင်သွင်းမှုကို အားလျော့စေသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ယခုနှစ် ဩဂုတ်လက အိန္ဒိယနိုင်ငံ၏ ဝန်ဆောင်မှုပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၃၀ ဒသမ ၆၉ ဘီလီယံခန့်ရှိပြီး၊ ဝန်ဆောင်မှုသွင်းကုန်မှာ ကန်ဒေါ်လာ ၁၅ ဒသမ ၇၀ ဘီလီယံရှိကြောင်း၊ လွန်ခဲ့ သည့်နှစ် ကာလတူက ဝန်ဆောင်မှုပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၂၈ ဒသမ ၇၁ ဘီလီယံနှင့် ဝန်ဆောင်မှု သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁၅ ဒသမ ၀၉ ဘီလီယံ နှိုင်းယှဉ်ကြည့်ရှုလျင် ပို့ကုန် တိုးမြင့်လာခဲ့ ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ၌ ကုန်ဆုံးခဲ့သော ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် အိန္ဒိယ၏ ကုန်စည်နှင့် ဝန်ဆောင်မှု နှစ်ရပ်ပေါင်း တင်ပို့မှုမှာ ကန်ဒေါ်လာ ၇၇၆ ဘီလီယံနီးပါးရှိပြီး၊ စုစုပေါင်းသွင်းကုန်မှာ ကန်ဒေါ်လာ ၈၅၅ ဘီလီယံနီးပါးရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကုန်ဈေးနှုန်းများ ကျဆင်းခြင်းအပြင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာခြင်းနှင့် ကုန်စည်ပို့ဆောင်ခများ မြင့်တက်လာခြင်းတို့ကြောင့် အိန္ဒိယကုန်ပစ္စည်းများ တင်ပို့မှု အပေါ် သက်ရောက်မှုရှိကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။"ပင်လယ်နီမှာဖြစ်ပေါ်နေတဲ့ အနှောင့်အယှက်တွေကြောင့် ပြီးခဲ့တဲ့နှစ်က အိန္ဒိယတင်ပို့သူ တွေရဲ့ ဥရောပနှင့် အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအတွက် သယ်ယူပို့ဆောင်စရိတ် နှစ်ဆ ကျော် မြင့်တက်ခဲ့ပါတယ်။" ဟု ဒေလီမြို့အခြေစိုက် Global Trade Research Initiative ခေါ် ဉာဏ်ကြီးရှင်များအဖွဲ့၏ တည်ထောင်သူ Ajay Srivastava က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်သည် Maersk၊ MSC နှင့် COSCO ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများအပေါ်တွင် မှီခိုနေရသည့် အတွက် ပြည်တွင်းသင်္ဘောလိုင်းများနှင့် ကုန်သေတ္တာထုတ်လုပ်ရေးကို အားဖြည့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အဆိုပါ ဉာဏ်ကြီးရှင်များအဖွဲ့ (Think-tank) မှ အစိုးရအား တိုက်တွန်းပြောကြား ထားသည်။ကမ္ဘာ့ဘဏ်မှ ယခုလအစောပိုင်း၌ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင် သွင်းကုန် ခွန်များလျှော့ချပြီး၊ ပို့ကုန်မြှင့်တင်ရန်အတွက် ကမ္ဘာ့တန်ဖိုး ကွင်းဆက်များအတွင်း ပေါင်းစည်း ဆောင်ရွက်ရန် အိန္ဒိယအစိုးရအား တိုက်တွန်းခဲ့ပြီး၊ နိုင်ငံ၏ ကုန်ထုတ်ရေးလုပ်ငန်းများအနေဖြင့် အဆိုပါကဏ္ဍများမှ တရုတ်နိုင်ငံထွက်ခွာခဲ့သည့်အပေါ် ရရှိလာသည့်အခွင့်အလမ်းများကို အပြည့် အ၀ ဆုပ်ကိုင်ထားနိုင်ခြင်းမရှိသေးဟု ထောက်ပြပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်လျက်ရှိသော ကုန်သွယ်မှုလိုငွေသည် အိန္ဒိယနိုင်ငံကဲ့သို့ ထွန်းသစ်စ စီးပွားရေး အဆောက်အအုံတစ်ခုအတွက် စိုးရိမ်စရာကိစ္စမဟုတ်ဟု အိန္ဒိယကုန်သွယ်ရေး အတွင်းဝန်က ပြောကြားခဲ့သည်။ "အခြားနိုင်ငံတွေထက် နှစ်ဆတိုးတက်နေတဲ့ စီးပွားရေး အဆောက်အအုံကနေ ကြီးမားတဲ့ စားသုံးမှုဝယ်လိုအား ဖြစ်ပေါ်လာတာရှိပါတယ်" ဟု Barthwal က ပြောကြားခဲ့သည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ပို့ကုန်တင်ပို့မှုကျဆင်းကာ သွင်းကုန်များ၊ အထူးသဖြင့် ရွှေတင် သွင်းမှုတိုးမြင့်လာခြင်းကြောင့် ကုန်သွယ်မှုလိုငွေကြီးမားလာခြင်းနှင့် တွေ့ကြုံနေရပါသည်။ တစ်ဖက် တွင် ကမ္ဘာ့ကုန်ဈေးနှုန်းများကျဆင်းလာခြင်း၊ ကုန်စည်ပို့ဆောင်ခများ ကြီးမြင့်လာခြင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးနှေးကွေးလာမှုတို့နှင့် ရင်ဆိုင်နေရသည့် အခြေအနေများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

ရည်ညွှန်း။          U.S.News: India's Trade Deficit Widens in August on Spike in Gold Imports, Weak Exports, September 17, 2024

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။

Category: International News