International News

ခရီးသွားအခွန် ဘတ် ၃၀၀ ကောက်ခံသွားရန် ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးက ရည်ရွယ်လျက်ရှိ

Last Updated:

ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းဝင်ငွေ ဘတ် ၃ ထရီလီယံရရှိနိုင်ရေးအတွက် ဝန်ကြီးချုပ် ဟောင်း Mr. Srettha Thavisin ဦးဆောင်သည့် အစိုးရအဖွဲ့က ကတိပြုခဲ့သည့်အတိုင်း ခရီးသွားအခွန် ဘတ် ၃၀၀ ကောက်ခံရေးကို စတင်ရန် ရည်ရွယ်ထားကြောင်း ခရီးသွားလာရေးနှင့် အားကစား ဝန်ကြီး အသစ် H.E Mr. Sorawong Thienthong က ပြောကြားခဲ့ပါသည်။

ကောက်ခံရရှိလာမည့် ဝင်ငွေများကို အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ခရီးသွား များ လုံခြုံရေးအတွက် သေချာစေမည့်အပြင် ခရီးသွားများ ဆွဲဆောင်နိုင်ရေးတို့၌ အသုံးပြုနိုင်မည် ဖြစ်ရာ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊  ခရီးသွားအခွန် အစီအစဉ်ကို ၂၀၂၂ ခုနှစ် အစိုးရအဖွဲ့က ခွင့်ပြုခဲ့သော်လည်း တော်ဝင်အမိန့်စာဖြင့် ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါ ကြောင်း၊ လေကြောင်းမှ ရောက်ရှိလာသော နိုင်ငံခြားသားများသည် ဘတ် ၃၀၀ နှင့် ကုန်းလမ်းနှင့် ရေလမ်းတို့မှ ရောက်ရှိလာသူတို့သည် ဘတ် ၁၅၀ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ စနစ်၏ အသုံးဝင်မှု ကို လေ့လာရန် အချိန်လိုအပ်နေသေးသဖြင့် ဝန်ကြီးဌာနအနေဖြင့် ပထမ ၃ လပတ်အတွင်း စတင် ကောက်ခံနိုင်ခြင်းရှိ-မရှိကို မဆုံးဖြတ်ရသေးပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ခရီးသွားကျေနပ်မှုညွှန်ကိန်းကို ထိခိုက်စေမည့် ကောက်ယူမှုနည်းလမ်းမဖြစ်စေရေးအတွက် အသေးစိတ်ကို ကြည့်ရှုရမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်း မိတ်ဆက်ခဲ့သည့် ဖျော်ဖြေရေးဇုန်များ၊ လေကြောင်း အချက်အချာနှင့် ဒုတိယမြို့တော်များ စသည့် ရှုထောင့်များပါရှိသော Ignite Tourism Thailand မူဝါဒအတိုင်း ဆက်လက်တည်ရှိနေမည်ဖြစ်ပါကြောင်း၊ လူတို့ပြုလုပ်သော ဆွဲဆောင်မှု အသစ်များနှင့် ဒုတိယမြို့တော်များကို မြှင့်တင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံလာစေရေး အတွက် အခွန်မက်လုံးများကဲ့သို့သော မက်လုံးများ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ကပ်ရောဂါကာလ အတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းကို အကျိုးဖြစ်ထွန်းစေခဲ့သည့် ခရီးသွားလှုံ့ဆော်မှုအစီအစဉ်များ ကိုလည်း စဉ်းစားထားပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

လာမည့် ခရီးသွားအမြင့်ဆုံရာသီတွင် မာရသွန်၊ Loy Krathong နှင့် နှစ်သစ်ကူး ပွဲများကြောင့် ပြည်တွင်း/ပြည်ပ ဈေးကွက်များမှ ဝင်ငွေ ဘတ် ၃ ထရီလီယံ ရရှိနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊  အစိုးရသည် Formula One မော်တော်ကားပြိုင်ပွဲလက်ခံကျင်းပရန် ကမ်းလှမ်းခဲ့ပြီး လမ်းကြောင်းသစ် ဖောက်လုပ်နိုင်ပါကြောင်း၊ ထိုင်းနိုင်ငံအတွင်း၌ ဈေးနှုန်းနှိမ့်ချထားသော ခရီးသွားလုပ်ငန်းများကြောင့် တရားမဝင်ကုမ္ပဏီများ ကြီးထွားလာမည် မဟုတ်သော်လည်း ဆုံးရှုံးမှုတန်ဖိုးသည် ယခင်ကထက်ပင် ပိုမိုကြီးမားပါကြောင်း၊ တရားမဝင်လုပ်ငန်းများကို နှိမ်နင်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News