International News

ဂျပန်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ၏ ဒေဝါလီခံရမှု အရေအတွက်မှာ ၂၉ လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ကျဆင်းခဲ့

Last Updated:

ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၇၂၃ ခု ရှိခဲ့ကြောင်းနှင့် ၂ နှစ်နှင့် ၅ လတာကာလအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ကုမ္ပဏီကြီးများ၏ ဒေဝါလီခံရမှု အရေအတွက်မှာ ၄ လတာ ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုမ္ပဏီ ၈၀၀ ခုအောက် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ငွေကြေး ဖောင်းပွမှုကြောင့် ဝယ်ယူရသည့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်ခဲ့မှုအညီ ထုတ်လုပ်ရောင်းချ သည့် ကုန်စည်များအပေါ် ဈေးနှုန်းတိုးမြှင့်ရောင်းချနိုင်ခဲ့မှုကြောင့် ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီ အရေအတွက်မှာ လျော့နည်းလာခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဒေဝါလီခံခဲ့သည့် ကုမ္ပဏီများမှ ပေးဆပ်ရမည့် ကြွေးမြီ ပမာဏမှာ ယန်း ၁၀၁.၃ ဘီလီယံရှိခဲ့ပြီး၊ အဆိုပါ ပမာဏမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ၂ လတာ ကာလအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဒေဝါလီခံခဲ့ကြသည့် ကုမ္ပဏီအများစုမှာ အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ ဖြစ်ကြောင်း၊ ယန်းသန်း ၁၀၀ အောက် ကြွေးမြီပေးဆပ်ရန် ရှိခြင်းကြောင့် ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီအရေအတွက်မှာ စုစုပေါင်း ဒေဝါလီခံခဲ့ရသည့် အရေအတွက်၏ ၇၀ ရာခိုင်နှုန်းကျော် ရှိကြောင်း  ဖော်ပြထားပါသည်။

ဒေဝါလီခံခဲ့ကြသည့် ကုမ္ပဏီအများစုမှာ ဝန်ဆောင်မှုကဏ္ဍမှ ဖြစ်ပြီး၊ ကုမ္ပဏီ ၂၄၂ ခု ရှိကြောင်းနှင့် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် စားသောက်ဆိုင်များအနေဖြင့် အများဆုံး ဒေဝါလီခံခဲ့ကြကြောင်း ဖော်ပြထားပါ သည်။

ဒုတိယအများဆုံး ဒေဝါလီခံခဲ့သည့် ကဏ္ဍမှာ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍဖြစ်ပြီး၊ ကုမ္ပဏီ ၁၂၁ ခုရှိကြောင်းနှင့် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ စက်မှုလုပ်ငန်း၊ အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍများမှ ကုမ္ပဏီများ၏ ဒေဝါလီခံရမှု အရေအတွက်မှာ ကျဆင်း ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဝယ်ယူရသည့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ထုတ်လုပ်ရောင်းချသည့် ကုန်စည်များအပေါ် ဈေးနှုန်းတိုးမြှင့်ရောင်းချနိုင်မှု မရှိခြင်းကြောင့် ဒေဝါလီခံခဲ့ကြသည့် ကုမ္ပဏီ အရေအတွက်မှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ကုမ္ပဏီ ၄၆ ခု ရှိခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ အလားတူဖြစ်စဉ်ကြောင့် ဒေဝါလီခံခဲ့ ကြသည့် ကုမ္ပဏီအရေအတွက်မှာ ၄၉၀ ခုရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆.၆ ရာခိုင်နှုန်း များပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source: The Japan Times (၁၀-၉-၂၀၂၄ )

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News