International News

ကိုဗစ်-၁၉ အလွန်ကာလ ဟောင်ကောင်လေဆိပ် အသုံးပြုသည့် ခရီးသည်အရေအတွက် အမြင့်ဆုံး ရောက်ရှိ

Last Updated:

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဟောင်ကောင်လေဆိပ် အသုံးပြုသွားလာသည့် ခရီးသွား ဦးရေသည် ယခင်နှစ်အလားတူကာလထက် ၂၃ ရာခိုင်နှုန်းမြင့်တက်ပြီး ၄.၉၂ သန်းရှိခဲ့ခြင်းကြောင့် ကိုဗစ်-၁၉ အလွန်ကာလအတွင်း အမြင့်ဆုံးအဖြစ် မြင့်တက်ခဲ့သည်ဟု rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် “Airport passenger numbers reach post-pandemic high” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အရှေ့တောင်အာရှ၊ တရုတ်ပြည်မ၊ ဂျပန်နိုင်ငံတို့နှင့် ဟောင်ကောင်ဒေသအကြား အပြန် အလှန် သွားရောက်ခြင်းကြောင့် ယခုကဲ့သို့ ခရီးသွားအရေအတွက် တိုးတက်လာခြင်းဖြစ်ပြီး ဩဂုတ်လအတွင်း ခရီးသွားလာရောက်မှု အများဆုံးရက်များတွင် လေဆိပ်အသုံးပြုသူဦးရေ ၁၇၀,၀၀၀ ကျော်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ကုန်ပစ္စည်းအတင်အချအနေဖြင့်လည်း ယခင်နှစ်ကထက် ၁၀.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်း တန်ချိန် ၄၀၆,၀၀၀ သို့ရောက်ရှိခဲ့ကြောင်း၊ ပို့ကုန်များတင်ပို့မှုသည် ယခုကဲ့သို့ တိုးတက်မှု ၏ အဓိကအချက်ဖြစ်ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှု ၁၄.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ အဓိက ပို့ကုန်တင်ပို့သည့် ဈေးကွက်များအနက် ဥရောပ၊ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသတို့နှင့် အပြန်အလှန် ကုန်စည်ပို့ဆောင်မှု များသည် ယခုလအတွင်း သိသိသာသာ မြင့်တက်ခဲ့သည်ဟု အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်လေဆိပ်တွင် လေကြောင်းသွားလာမှု ၄၁.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း လေဆိပ်အသုံးပြုသည့် ခရီးသွားအရေအတွက် သည် ယခင်နှစ်အလားတူကာလထက် ၄၃.၅ ရာခိုင်နှုန်းမြင့်တက်ပြီး ၃၄.၉ သန်း အထိမြင့်တက်ခဲ့ ပါသည်။ အင်ဒိုနီးရှား AirAsia နှင့် Thai Lion Air လေကြောင်းလိုင်းများမှာလည်း လာမည့်လတွင် ခရီးသည်တင်လေယာဉ်များ စတင်ပြေးဆွဲမည်ဖြစ်ပြီး၊ ဟောင်ကောင်နှင့် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် Riyadh အကြား တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲရေးအတွက်လည်း ဆောင်ရွက်လျက် ရှိသည်ဟု တာဝန်ရှိသူ ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News