International News

တောင်ကိုရီးယားနိုင်ငံအစိုးရက ၂၀၂၅ ခုနှစ်အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို တင်းကျပ်သွားမည့်မူဝါဒအား ဆက်လက်ဆောင်ရွက်သွားမည်

Last Updated:

တောင်ကိုးရီးယားနိုင်ငံ၏ အစိုးရအသုံးစရိတ်များ အတန်အသင့်တိုးမြှင့်သုံးစွဲမှုကို ထိန်းသိမ်း ထားရန် ရည်ရွယ်၍  ၂၀၂၅ ခုနှစ်အတွက် အမျိုးသားအဆင့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို ၃.၂ ရာခိုင်နှုန်း မြှင့်တင်ကာ တောင်ကိုရီးယားဝမ်ငွေ ၆၇၇.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၀၉.၁၇ ဘီလီယံ) အထိ တိုးမြှင့်ချထားပေးမည်ဖြစ်ပါသည်။ ယင်းသို့ တိုးမြှင့်ချထားပေးမည်ဖြစ်သော် လည်း အရအသုံးခန့်မှန်းခြေငွေစာရင်းကို တင်းကျပ်သွားမည့်မူဝါဒ (Belt-Tightening Policy) အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အစိုးရ၏ ကြားကာလဘတ်ဂျက်အစီအစဉ်အရ ၂၀၂၅ ခုနှစ်အတွက် မူလကရည်ရွယ်ထား သည့်ရာခိုင်နှုန်းမှာ ၄.၂ ရာခိုင်နှုန်းဖြစ်ပါသည်။ သို့သော် ၂၀၂၅ ခုနှစ်အတွက် အမျိုးသားအဆင့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို ၃.၂ ရာခိုင်နှုန်း မြှင့်တင်လိုက်ခြင်းသည် ၂၀၂၄ ခုနှစ်အတွက် တိုး မြှင့်ချထားပေးခဲ့သည့် ၂.၈ ရာခိုင်နှုန်းထက် ပိုမိုလာပါသည်။ သမ္မတယွန်ဆုခ်ယော်၏ ငါးနှစ်တာ သက်တမ်းစတင်ခဲ့သည့် ၂၀၂၂ ခုနှစ် မေလမှစလျှင် အစိုးရအသုံးစရိတ်များ၏ စုစုပေါင်းတိုးတက်မှု မှာ ၁၂.၁ ရာခိုင်နှုန်းဖြစ်ပါသည်။ ယင်းသို့တိုးတက်ခဲ့သော်လည်း အဆိုပါပမာဏသည် ၂၀၀၅ ခုနှစ် နောက်ပိုင်း အစိုးရအသီးသီး၏ သုံးနှစ်သက်တမ်းအလိုက် အသုံးစရိတ်တိုးမြှင့်မှု ရာခိုင်နှုန်းများ နှင့်နှိုင်းယှဉ်လျှင် အနိမ့်ဆုံးနှုန်းပင်ဖြစ်ပါသည်။

လက်ရှိအစိုးရသည်ဘဏ္ဍာရေးမူဝါဒတင်းကျပ်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း လိုအပ်သည့်နေရာများအတွက် အသုံးစရိတ်သုံးစွဲသွားမည်ဖြစ်သည့်အပြင် ဘဏ္ဍာ ရေးဆိုင်ရာခိုင်မာမှုမူကိုလည်း ထိန်းသိမ်းထားမည်ဖြစ်သည်ဟု ၂၇-၈-၂၀၂၄ ရက်နေ့က ကျင်းပခဲ့ သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတယွန်ဆုခ်ယော်က ပြောကြားခဲ့ပါသည်။

သမ္မတမွန်းဂျေအင်းလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် တိုးချဲ့ဘဏ္ဍာရေးပေါ်လစီ (Expansionary Policy) ကြောင့်  နိုင်ငံတော်၏ကြွေးမြီ (National Debt) သည် တောင်ကိုရီးယား ဝမ်ငွေ ၁,၀၀၀ ထရီလီယံကျော် ပမာဏသို့ရောက်ရှိခဲ့ပြီးနောက် ယခုအချိန်အထိ အဆိုပါပမာဏ အထက်တွင်ပင် ရှိနေသေးပါကြောင်း သမ္မတယွန်ဆုခ်ယော်က ပြောကြားခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံ၏ GDP တွင် ကြွေးမြီပါဝင်နှုန်း (Debt-to-GDP Ratio) လျင်မြန်စွာမြင့်မားလာမှုကို လျှော့ချ နိုင်ရေးနှင့် ၂၀၂၈ ခုနှစ်တွင် Debt-to-GDP Ratio ကို ၅၀.၅ ရာခိုင်နှုန်းတွင်သာ ရှိနေစေရန် ထိန်း သိမ်းထားရေးတို့သည် စိန်ခေါ်မှုတစ်ခုပင် ဖြစ်နေပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် Debt-to-GDP Ratio သည် ၃၅.၄ ရာခိုင်နှုန်းတွင်သာ ရှိနေခဲ့သော်လည်း လက်ရှိ ၂၀၂၄ ခုနှစ်တွင် ၄၇.၄ ရာခိုင်နှုန်း အထိ မြင့်မားလာနိုင်ဖွယ်ရှိကြောင်း  အစိုးရက သတင်းထုတ်ပြန်ခဲ့ပါသည်။

စက်တင်ဘာလတွင် ကျင်းပမည့် အမျိုးသားလွှတ်တော်တွင် တင်ပြရန်ပြင်ဆင်ထားသည့် ၂၀၂၅ ခုနှစ်အတွက် အမျိုးသားအဆင့်အရအသုံးခန့်မှန်းခြေ ငွေစာရင်းအဆိုပြုချက်တွင် အသုံးစ ရိတ်ကို တိုးမြှင့်တင်ပြထားပါကြောင်း၊ အသုံးစရိတ်တိုးမြှင့်ခြင်းဆိုသည်ထက် စီးပွားရေးပြန်လည် ရှင်သန်ရေးကို အဓိကထား၍ တိုးမြှင့်လိုခြင်းဖြစ်သည်ဟု အဆိုပြုထားပါကြောင်း၊ ယင်းသို့ ဆောင် ရွက်ခြင်းသည် ကပ်ရောဂါကာလအတွင်း ဆိုးဝါးခဲ့သည့် ဘဏ္ဍာရေးအခြေအနေကို တိုးတက်မှုရှိ စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို ပြန်လည်ထိန်းသိမ်းရန် ဆောင်ရွက်သွားမည့် အစီအစဉ်များ အနက် တစ်ခုပင်ဖြစ်ပါကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Mr. Choi Sang-mok က အစိုးရ အဖွဲ့အစည်းအဝေးမတိုင်မီက ကျင်းပခဲ့သည့် သီးခြားသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ ပါသည်။

အသုံးစရိတ်များသုံးစွဲရာတွင် သုတေသနနှင့်ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ (Research and Development- R&D) တွင် လက်ရှိ ၂၀၂၄ ခုနှစ်သုံးစွဲငွေထက် ၁၁.၈ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲသွား မည်ဖြစ်ပါကြောင်း၊ သို့မှသာ နောက်ဆုံးပေါ်နည်းပညာများတွင် ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်မှုများ ပြင်း ထန်လာခြင်းအပေါ် စိုးရိမ်မှုများလျော့ကျသွားစေမည်ဖြစ်ပါကြောင်း၊ ကာကွယ်ရေးအတွက် အသုံး စရိတ်ကိုလည်း ၂၀၂၄ ခုနှစ်ကထက် ၃.၆ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်သားများလစာကို တိုးမြှင့်ပေးသွားမည်ဖြစ်ရာ တပ်ကြပ်ကြီးများ လစဉ်လုပ်အားခသည် တောင်ကိုရီးယား ဝမ်ငွေ ၁.၆၅ သန်းမှ ဝမ် ၂.၀၅ သန်းအထိ တိုးမြင့်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံ ခြားရေးရာနှင့် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေး ကိစ္စများအတွက် အသုံးစရိတ်ကိုလည်း ၂၀၂၄ ခုနှစ်ကထက် ၃.၇ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားကဏ္ဍများအတွက် အသုံးစရိတ်ကိုလည်း ၂၀၂၄ ခုနှစ်ကထက် ၄.၈ ရာခိုင်နှုန်း တိုးမြှင့် သုံးစွဲသွားရန် အဆိုပြုထားပါကြောင်း၊ ဆင်းရဲနွမ်းပါးသူများအတွက် အခြေခံစားဝတ်နေရေး မြှင့် တင်ပေးရေး၊ သက်ကြီးရွယ်အိုများအတွက် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးရေးနှင့် မီးဖွားစဉ်ကာ လခွင့်ယူချိန်အတွင်း ထောက်ပံ့ကြေးများ တိုးမြှင့်ပေးရေးတို့သည် တိုးတက်မှုနှေးကွေးနေခြင်းနှင့် လူဦးရေဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် စီမံဆောင်ရွက်ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Mr. Choi Sang-mok က ပြောကြားခဲ့ပါသည်။

အစိုးရသည် အိမ်ခြံမြေစျေးကွက်ကို တည်ငြိမ်စေရန် အိမ်ရာအသစ် ၂၅၂၀၀၀ ကို စံချိန်တင် ပမာဏအဖြစ် တည်ဆောက်ထောက်ပံ့ပေးရန် စီစဉ်ထားရှိပြီးဖြစ်ပါသည်။

 

Source: https://www.koreatimes.co.kr/www/biz/2024/08/602_381320.html

‌ဒေါ်််ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

Category: International News