International News

စင်ကာပူနိုင်ငံ၏ ကုန်သွယ်မှုစည်းမျဉ်းများ ပြန်လည်ချိန်ညှိနေမှုကို သတိရှိကြရန် ဗီယက်နမ်ကုမ္ပဏီများအား နှိုးဆော်ထား

Last Updated:

စင်ကာပူအမျိုးသားစံချိန်စံညွှန်းသတ်မှတ်ရေးအစီအစဉ်၏ ကုန်သွယ်မှုဆိုင်ရာစီမံခန့်ခွဲမှုမူဘောင်ကို မြှင့်တင်ရန်ကြိုးပမ်းမှုအနေဖြင့် စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲပြီး အများပြည်သူ၏သဘောထားများကို တောင်းခံလျက်ရှိရာ အဆိုပါပြုပြင်ပြောင်းလဲမှုများနှင့် လက်ရှိ သို့မဟုတ် မကြာမီကျင့်သုံးမည့် မူဝါဒအသစ်များကို စဉ်ဆက်မပြတ် စောင့်ကြည့်ရန် စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်မှုရုံးက အကြံပြုထားသည်။

စင်ကာပူကုန်သွယ်ရေးဝန်ကြီးဌာနသည် Polyvinyl Chloride (PVC) လျှပ်ကာကြိုးများအတွက် နည်းပညာစံနှုန်းများကို ပြန်လည်သုံးသပ်ရန်နှင့်ပြင်ဆင်ရန် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှုကို သြဂုတ် ၂ ရက်က စတင်ခဲ့ပြီး စက်တင်ဘာ ၃ ရက်တွင် အပြီးသတ်မည်ဖြစ်သည်။

စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) သည် အင်းဆက်ပိုးမွှားများနှင့် အင်းဆက်အခြေခံ ထုတ်ကုန်များကို အစားအစာအဖြစ် တင်သွင်းခြင်းအတွက် ယခင်က တိကျသောလမ်းညွှန်ချက်များဖြင့် စည်းမျဉ်းမူဘောင်တစ်ရပ် ရေးဆွဲခဲ့သော်လည်း ယခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှစပြီးစိစစ်မှု အနည်းငယ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သည်။ အဆိုပါထုတ်ကုန်များကို လူစားသုံးရန် သို့မဟုတ် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည်။

ထို့ပြင် စင်ကာပူသည် မျိုးဗီဇပြုပြင်ထားသော ကောက်ပဲသီးနှံများကို စားသောက်ကုန်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းမူဘောင်ပြဌာန်းရေးကို အများပြည်သူနှင့် ဆွေးနွေးခဲ့ပြီး ပြန်လည်ပြင်ဆင်ထားသည့် မူဘောင်ကို ၂၀၂၄ ခုနှစ်၊ တတိယသုံးလပတ်တွင် စတင်အသက်ဝင်ရန် မျှော်လင့်ရသည်။ စင်ကာပူ၊ အမျိုးသား စံချိန်စံနှုန်းသတ်မှတ်ရေး အစီအစဉ်အရ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းသည် နိုင်ငံ၏ စံချိန်စံညွှန်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသော ခြေလှမ်းဖြစ်ပါသည်။ အများပြည်သူက စံချိန်စံညွှန်းမူကြမ်းအပေါ် သဘောထားမှတ်ချက်ပေးခြင်း၊ လုပ်ငန်းအစီအစဉ်များနှင့် ပြန်လည်သုံးသပ်ရန် အဆိုပြုခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် အစိုးရအေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် ဗီယက်နမ်စီးပွားရေး လုပ်ငန်းများအား ကုန်ပစ္စည်းတင်ပို့သည့်အခါ အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ရှောင်ရှားရန် စင်ကာပူ၏ အသစ် သို့မဟုတ် ပြန်လည်ပြင်ဆင်ထားသော မူဝါဒများနှင့် စံနှုန်းများအား အသိပေးခြင်း၊ အနီးကပ် စောင့်ကြည့်ခြင်းတို့ ဆောင်ရွက်ပေးပါသည်။/

Source: https://en.vietnamplus.vn

Source: https://commerce.gov.mm

Category: International News