International News

တရုတ်နိုင်ငံသည် ပို့ကုန်တည်ငြိမ်စေရန် မူဝါဒများဖြင့် ပံ့ပိုးပေးလျက်ရှိ

Last Updated:

သွင်းကုန်တားဆီးရေးဝါဒနှင့် ကမ္ဘာ့စီးပွားရေးတွင် မသေချာမရေရာမှုများ မြင့်တက်နေပြီး ပြင်ပဝယ်လိုအား ဆက်တိုက်ကျဆင်းနေသဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ပို့ကုန်တည်ငြိမ် စေရေးအတွက် မူဝါဒများဖြင့် ပံ့ပိုးကူညီရန် မျှော်လင့်ထားသည်ဟု ကျွမ်းကျင်သူများနှင့် အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သွင်းကုန်နှင့်ပတ်သက်၍လည်း ပြည်တွင်းစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်နိုင်ရေး အတွက် ပိုမိုတက်ကြွစွာ ဆောင်ရွက်ရန် အကြံပြုထားကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းဖြင့် တရုတ်စီးပွားရေး ပြန်လည်နာလန်ထူလာမှုကို အရှိန်မြှင့်တင်ရန် အထောက်အကူပြုမည်ဟု ၎င်းတို့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၁၃-၁၀-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယွမ် (၃၀.၈)ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၁၃ ထရီလီယံ)ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၀.၂) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ပို့ကုန်သည် ယွမ် (၁၇.၆)ထရီလီယံရှိကာ ယခင်နှစ်ထက် (၀.၆)ရာခိုင်နှုန်း တိုးလာပြီး သွင်းကုန်သည် ယွမ် (၁၃.၂) ထရီလီယံဖြင့် (၁.၂)ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရပါသည်။

ပို့ကုန်လုပ်ငန်းရှင်များနှင့် ဒေသန္တရအစိုးရများ၏ တောင်းဆိုချက်များကို တုံ့ပြန်ဆောင် ရွက်ပေးခြင်းဖြင့် မူဝါဒအစီအမံများ အကောင်အထည်ဖော်မှုကို အနီးကပ်စောင့်ကြည့်နေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ Lyu Daliang က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် ထွန်းသစ်စဈေးကွက် များတွင် အခွင့်အလမ်းများ ရှာဖွေနေသည့် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများကို ကူညီပေးမည့် အပြင် ပို့ကုန်လုပ်ငန်းရှင်များအတွက် အကောက်ခွန်ရှင်းလင်းသည့်အချိန်ကို ထပ်မံလျှော့ချရန်၊ နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးတိုးတက်မှုကို ပံ့ပိုးပေးရန်နှင့် တရုတ်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်များနှင့် စီးပွားရေးဆက်ဆံမှုကို တိုးမြှင့်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်း များ လွယ်ကူချောမွေ့စေရန်နှင့် စွမ်းအင်သစ်သုံး မော်တော်ယာဉ်ဆိုင်ရာကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် မူဝါဒအစီအမံများကို မကြာသေးမီက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ပိုမိုဆန်းသစ်သောနည်းပညာသုံး ထုတ်ကုန်များကို တင်ပို့ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွား ရေးကို ကွဲပြားခြားနားစေပြီး အချို့သောလုပ်ငန်းစုများနှင့် ဈေးကွက်များအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး စီးပွားရေးမသေချာမရေရာမှုများကို ပိုမိုခံနိုင်ရည်ရှိစေမည်ဟု တရုတ် လူမှုရေးသိပ္ပံအကယ်ဒမီမှ သုတေသီ Dong Yan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပြည်ပဝယ်လိုအား ကျဆင်းခြင်းသည် တရုတ်နိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များအတွက် တစ်နှစ်တာလုံး၌ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း၊ အမေရိကန်နှင့် ဥရောပတို့မှ ဝယ်လိုအား သည် ကပ်ရောဂါအကြိုအဆင့်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျနေဆဲဖြစ်ကြောင်း၊ သို့သော် လည်း ယခင်က ကျဆင်းနေသည့် တရုတ်-အမေရိကန် ကုန်သွယ်မှုတွင် ပြန်လည်နာလန်ထူသည့် အရိပ်အယောင်များကို မြင်တွေ့ရကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ခံနိုင်ရည်အားကောင်းပြီး ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာခြင်းနှင့်အတူ ကမ္ဘာ့ဝယ်လိုအား အနည်းငယ် တိုးလာနိုင်ခြင်းကြောင့် လာမည့် လများအတွင်း ပို့ကုန်နှင့် သွင်းကုန်နှစ်ခုစလုံးတွင် တိုးတက်မှုကို တွေ့မြင်ရလိမ့်မည်ဟု China Everbright Bank မှ လေ့လာသုံးသပ်သူ Zhou Maohua က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားကုန်သွယ်မှုအလားအလာများ ပိုမိုကောင်းမွန်လာခြင်းသည် ရပ်ဝန်းနှင့်ပိုးလမ်းမ  (Belt and Road Initiative)တွင် ပါဝင်သောဈေးကွက်များသို့ တင်ပို့ရောင်းချသည့်လုပ်ငန်းများ အတွက် ပို၍အကျိုးရှိမည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။

 

 

Source: www.chinadaily.com.cn/a/202310/13/WS65296213a31090682a5e87bd.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News