International News

ကနေဒါမှ ပဲနီလေးဝယ်ယူတင်သွင်းမှုကို အိန္ဒိယကုန်သည်များက ရပ်ဆိုင်းထား

Last Updated:

နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးတင်းမာမှု အရှိန်မြင့်တက်လာသည့်အခြေအနေတွင် တစ်ဖက်ဖက်မှ အကောက်ခွန်ဆိုင်ရာ လက်တုံ့ပြန်မှုများ ချမှတ်ဆောင်ရွက်လာနိုင်မည့်အရေးကို စိုးရိမ်မှုများရှိသည့်အလျောက် အိန္ဒိယနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်များသည် ကနေဒါနိုင်ငံထံမှ ပဲနီလေး ဝယ်ယူတင်သွင်းရန် စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်းမပြုပဲ ရပ်ဆိုင်းထားကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

ကနေဒါနိုင်ငံသည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ ပဲနီလေးအများဆုံး တင်သွင်းခဲ့သည့်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်းသို့ ပဲမျိုးစုံ တင်သွင်းမှုစုစုပေါင်း၏ ထက်ဝက်ကျော် မက်ထရစ်တန် ၄၈၅၄၉၂ တန်ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့ ရောင်းချခဲ့ပါသည်။

နှစ်နိုင်ငံအကြား သံတမန်ရေးတင်းမာမှုများကြောင့် ပဲအမျိုးမျိုးတင်သွင်းခွင့် စာချုပ်အသစ်များမရှိသေးဟု အမည်မဖော်လိုသည့် ပို့ကုန်လုပ်ငန်းကြီးတစ်ခု၏ အကြီးတန်းအမှုဆောင်တစ်ဦးက ပြောကြားခဲ့ပါသည်။ သို့သော်လည်း သံတမန်ရေးတင်းမာမှုများမစတင်မီ ချုပ်ဆိုခဲ့သော စာချုပ်များကို ဆက်လက်ဆောင်ရွက်မှုရှိကြောင်း ကုန်သည်များက ပြောသည်။

ယခုနှစ် ဇွန်လအတွင်း ကနေဒါနိုင်ငံ၏ပိုင်နက်မြေတွင် ဆစ်ဒ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး လုပ်ကြံခံရမှု၌ အိန္ဒိယအေးဂျင့်များပါဝင်ပတ်သက်နေသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau က ပြီးခဲ့သည့်လပိုင်းတွင် ပြောကြားခဲ့ပြီးနောက်ပိုင်းမှစ၍ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပွားခဲ့ပါသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုစွပ်စွဲချက်မှာ အဓိပ္ပာယ်မရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

အငြင်းပွားမှုများဖြစ်ပွားသည့်ကြားထဲမှ သံတမန်ဆက်ဆံရေးများလျှော့ချရန် အိန္ဒိယဖက်မှ တောင်းဆိုလာခဲ့ပြီးနောက် ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံရှိ ၎င်း၏ သံတမန် ၄၁ ဦးကို ပြန်လည် ခေါ်ယူခဲ့ပြီး အိန္ဒိယသံတမန်အဖွဲ့ကိုလည်း နှင်ထုတ်ခဲ့သည်။ လက်ရှိအချိန်အထိ မည်သည့်ဖက် ကမျှ ကုန်သွယ်မှုအတားအဆီးများ ဖြစ်စေနိုင်သည့် အခွန်စည်းကြပ်မှုများ ချမှတ်မှုမရှိသေးကြောင်း တွေ့ရှိရပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပဲနီလေးကို နိုင်ငံများစွာထံမှ ရယူတင်သွင်းလျက်ရှိရာ သြစတြေးလျ သည် အများဆုံး တင်သွင်းခွင့်ရရှိထားသည့် နိုင်ငံဖြစ်လာဖွယ်ရှိသည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် မကြာသေးမီကလည်း အမေရိကန်နိုင်ငံမှ တင်သွင်းလာသော ပဲနီလေးအပေါ် ကောက်ခံသည့် အမျိုးမျိုးသော အကောက်ခွန်များကို ကင်းလွတ်ခွင့် အပြည့်အဝ ပေးအပ်ခဲ့သည်။ ရုရှား၊ စင်္ကာပူ၊ တူရကီနှင့် အာရပ်စော်ဘွားများပြည်ထောင်စု တို့သည်လည်း အိန္ဒိယ၏ ပဲနီလေး တင်သွင်းသည့် နိုင်ငံများဖြစ်ကြသည်။

အိန္ဒိယနိုင်ငံသည် နှစ်စဉ်ပဲနီလေးတန်ချိန် ၁.၆ သန်းခန့် ထုတ်လုပ်မှုရှိပြီး ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၂.၃သန်းခန့်ရှိရာ ဈေးကွက်လိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းနေရသည်။ ပဲနီလေးရောင်းလိုအားလျော့နည်းမှုက ယခင်လကတည်းကပင် ပဲမျိုးစုံ ဈေးနှုန်းဖောင်းပွမှု ၁၃% အထိ မြင့်တက်နေခဲ့သည့် အိန္ဒိယပြည်တွင်းဈေးနှုန်းများကို ပိုမိုမြင့်တက်လာစေဖွယ်ရှိသည်။

Source: Economic Times, 25 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm/my/node/14778

Category: International News