Local News

မောက်မယ်မြို့နယ်၌ ပန်းဂေါ်ဖီစိမ်းများအရွယ်အစားပေါ် မူတည်၍ ဈေးကောင်းရရှိ

Last Updated:

      ရှမ်းပြည်နယ်(တောင်ပိုင်း)  လင်းခေးခရိုင်  မောက်မယ်မြို့နယ်ရှိ ဒေသခံများမှာ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို ကျေးလက်ဒေသ များနှင့် မြို့အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက် ချောင်းဘေးတစ်လျှောက်နုန်းမြေခြံများ၌ စိုက်ပျိုးလုပ်ကိုင်ကြရာ ပန်းဂေါ်ဖီစိမ်းကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။

     မောက်မယ်မြို့နယ်ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံများတွင်လည်းကောင်း ပြည်သူများ ဝယ်ယူစားသုံးကြ သော သီးနှံများဖြစ်သည့် ခဝဲသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ခရမ်းသီးမျိုးစုံ၊ ပဲမျိုးစုံ၊ မုန်ညင်း၊ ဆလတ်၊ ငရုတ်သီး၊ မုန်လာဥဖြူ၊ ဥနီ၊ ပန်းမုန်လာ၊ နံနံပင်၊ ရုံးပတီ၊ ပန်းဂေါ်ဖီရိုးရိုး၊ ပန်းဂေါ်ဖီစိမ်းနှင့်အခြား ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးကြရာ ပန်းဂေါ်ဖီစိမ်းမျိုးစေ့များကို ကြဲပြီးမှအပင်ပေါက်များအား ပြန်လည်ခွဲထုတ်၍ စိုက်ပျိုးကြသည်။

    ထိုသို့စိုက်ပျိုးပြီး အပင်များအမြန်ရှင်သန်စေရန်အတွက် နေ့စဉ်ရေလောင်းပေးရကာ အပွင့်များလှစေရန်နှင့် ပိုးမွှားကျရောက်ခြင်း အန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေသြဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများပက်ဖျန်းပေးခြင်းဖြင့် စိုက်ပျိုးလျက်ရှိရာ  ယခုအခါ ပန်းဂေါ်ဖီစိမ်းများ အရွယ်အစားပေါ်မူတည်၍ တစ်ပွင့်လျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ အထိ ဈေးကောင်းရရှိပြီး ထွက်ရှိသည့် အပွင့်များကို ငါးရက်တစ်ဈေး မြို့နယ်စည်ပင်သာယာဈေးသို့ ကိုယ်တိုင်လာရောက်ရောင်းချကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူတစ်ဦးထံမှ သိရသည်။

Source: https://myawady.net.mm

Category: Local News