Local News

ယခုနှစ် ကြံရာသီအတွက် သကြားစက်အားလုံးနီးပါး ကြံကြိတ်ခွဲပြီးစီး

Last Updated:

      ယခုနှစ် ကြံရာသီအတွက် သကြားစက် အားလုံးနီးပါး ကြံကြိတ်ခွဲပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး၏ ပြောဆိုချက်အရ သိရသည်။ ပြည်တွင်း၌ သကြားစက်ပေါင်း ၂၃ ခုကျော်ရှိပြီး လက်ရှိတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ သကြားစက် တချို့မှအပ ကျန်စက်များအားလုံး ကြံကြိတ်ခွဲပြီးစီးပြီဖြစ်ကြောင်း သိရသည်။

   “လက်ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ သကြားစက်နှစ်ခုနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ  သကြားစက်နှစ်ခုကြိတ်ခွဲဖို့ ကျန်တော့တယ်။   ကျန်တဲ့သကြားစက်တွေက အကုန်ကြိတ်ခွဲပြီးစီးသွားပြီ” ဟု ဦးဝင်းဌေး ကပြောသည်။ အဆိုပါလည်ပတ်ရန် ကျန်ရှိသည့်သကြားစက်များသည် ဧပြီ ၁၅ ရက်အတွင်း အပြီးသတ်ကြိတ်ခွဲမည်ဖြစ်ပြီး ယခုနှစ် ကြံကြိတ်ခွဲ ရာသီအတွင်း သကြားစက်များအလိုက် ကြံတစ်တန်လျှင် ငွေကျပ် ၇၅၀၀၀  မှ တစ်သိန်း ဈေးနှုန်းရရှိကြောင်း သိရသည်။

     “ဒီနှစ် ကြံဈေးနှုန်းတွေလည်း ကောင်းတယ်။ ကြိတ်ခွဲပြီးစီးသွားတဲ့ စက်တွေရဲ့ကြံ ကြိတ်ခွဲနိုင်တဲ့တန်ချိန်က အစားစားရှိတယ်။  နဝဒေးဆိုရင် တန်ချိန် နှစ်သိန်းလောက်ကြိတ်ခွဲနိုင်တယ်။ အင်ငါးခွစက်ဆိုရင်လည်း တန်ချိန် နှစ်သိန်းကျော်ဝန်းကျင်လောက် ကြိတ်ခွဲနိုင်တယ်” ဟု  ဦးဝင်းဌေးက ပြောသည်။

    ပြည်တွင်း၌   ကြံကို   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့၌ အဓိကစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့၌ ဒုတိယအများဆုံးစိုက်ပျိုးကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့၌ အနည်းငယ်စီ စိုက်ပျိုးကြကြောင်း သိရသည်။ အဆိုပါ ကြံစိုက်ပျိုးရာ အနီးတစ်ဝိုက်ဒေသများ၌ သကြားစက်များ တည်ထားလေ့ရှိပြီး ပြည်တွင်း၌ ကြံကြိတ်ခွဲ ရာသီမှာ ဒီဇင်ဘာလမှ    ဧပြီလအထိဖြစ်ကြောင်း သိရသည်။  

Source: https://myawady.net.mm                 

Category: Local News