Local News

ထိုင်းနိုင်ငံမှ စျေးကွက်ဝယ်လိုအား ကောင်းနေသော ကင်းမွန်နှင့် ရေခူ

Last Updated:

     တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း၊ မြိတ်၊ ဘုတ်ပြင်းနှင်း ထားဝယ်မြို့တို့ရှိ ကမ်းနီး၊ ကမ်းဝေးပင်လယ်ပြင်တို့တွင် ထိုင်းနိုင်ငံမှစျေးကွက်ဝယ်လိုအားကောင်းနေသော ကင်းမွန်နှင့် ရေခူကို ဒေသခံလုပ်သားများ ကောင်းမွန်စွာ ဖမ်းဆီရမိလျက်ရှိရာ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြသည်။ ပင်လယ်ပြင်တွင် တစ်နေရာနှင့်တစ်နေရာ ကင်းမွန်အုပ်ဖွဲ့ နေထိုင်မှုမတူညီမှုကြောင့် ဖမ်းဆီးရရှိမှု တူညီခြင်းမရှိသော်လည်း စျေးကောင်းရချိန်ဖြစ်သောကြောင့် ညပိုင်း၌ လျှပ်စစ်မီးရောင်ပြ၍ ကင်းမွန်များကို ဖမ်းဆီးလျက်ရှိပြီး ဘုတ်ပြင်းမြို့နယ် ကမ်းနီးပင်လယ်ပင်တွင်လည်း ယမန်နှစ်ထက် ရေခူဖမ်းဆီးရမိမှုကောင်းလာသည့်အတွက် ရေခူဖမ်းဆီးသော ရေလုပ်သားများ အလုပ်အကိုင်ကောင်းမွန်လျက်ရှိသည်။ ကင်းမွန်ဖမ်းဆီး ရမိသည့် ရာသီသည် နိုဝင်ဘာလမှစတင်၍ မုတ်သုံလေဝင်ရောက်သော ဇွန်လမိုးဦးတွင် ဆုတ်သွားလေ့ရှိပြီး ရေခူဖမ်းဆီးရမိသည့် ရာသီသည် ဇန်နဝါရီလမှစတင်၍ ဧပြီလတွင် ကုန်ဆုံးလေ့ရှိကာ ရေခူထက်ကင်းမွန်သည် စျေးကောင်းရရှိနေ ဆဲဖြစ်သည်ဟု သိရသည်။

     “မြန်မာ့ပင်လယ်ပြင်က ဖမ်းဆီးရမိတဲ့ ကင်းမွန်နဲ့ရေခူကို ထိုင်းနိုင်ငံရနောင်း ရေထွက်ကုန်ဒိုင်ကို တင်ပို့ကြပါတယ်။ လတ်လတ်ဆတ်ဆတ်ကို ရေခဲတိုက်တင်ပို့သလို အခြောက်တင်ပို့ တာလည်းရှိတယ်။ ကင်းမွန်နဲ့ ရေခူဟာ ဒေသခံရေလုပ်သားတွေရဲ့ စီးပွားရေးကို ဖော်ဆောင်ပေးနေတယ်ဆိုင်ရင်လည်း မမှားပါဘူး။ ကင်းမွန်ဖမ်းတဲ့အခါမှာ မီးရောင်ကို အသုံးပြုကြတာ ဖြစ်တဲ့အတွက် နိုင်ငံအနေနဲ့ မီးရောင်နဲ့ဖမ်းဆီးမှုကို လျော့ချနေပြီး ကာလတစ်ခုမှာ ဒါတွေမရှိအောင် ဆောင်ရွက်မယ်ဆိုတဲ့ ရည်မှန်းချက်လည်းရှိပါတယ်။ အဲဒီကာလအတွင်းမှာ ယခင်ကလိုင်စင်နဲ့ခွင့်ပြုထားတဲ့ ကင်းမွန်ငါးဖမ်းလှေ ၄၀၀ နီးပါးကိုပဲ ခွင့်ပြုထားတာပါ။ မီးရောင်ပြပြီး ဖမ်းတဲ့အခါမှာ အခြားသော ငါးတွေလည်းရောက်လာတတ်တာကြောင့် များများရရင် များများပြုန်းတီးနိုင်တဲ့အတွက် ငါးသယံဇာတလျော့နည်းမှုမရှိအောင် ထိန်းချုပ်ဆောင်ရွက်နေပါတယ်။ အခုလိုကင်းမွန်နဲ့ ရေခူရရှိမှုကနေ ပို့ကုန်စီးဆင်းနေတဲ့အတွက် ရေလုပ်သားတွေ စီးပွားရေးအခွင့်အလမ်းပွင့်လန်းလာတာဟာ နိုင်ငံတော်အတွက်လည်း အကျိုးရှိစေ ပါတယ်”  ဟု တနင်္သာရီတိုင်ဒေသကြီး ငါးလုပ်ငန်းဦးစီဌာနမှ ညွှန်ကြားရေးမှူးကပြောသည်။

     ကင်းမွန်နှင့်ရေခူကို တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကမ်းနီးပင်လယ်ပြင်တို့မှ ဖမ်းဆီးရမိလျက်ရှိပြီး၊ မြန်မာ့ကင်းမွန်နှင့် ရေခူသည် အရသာကောင်းမွန် သောကြောင့် ထိုင်းနိုင်ငံမှ အများဆုံး ဝယ်ယူလျက်ရှိသည်။ စျေးကောင်းရရှိသော မြန်မာ့ကင်းမွန်ကို ထိုင်းနိုင်ငံရနောင်း ရေထွက်ကုန်ဒိုင်မှ အရွယ်အစားအပေါ်မူတည်၍ တစ်ကီလိုဂရမ်လျှင် ဘတ် ၁၄၀ မှ ၁၇၅ ဘတ်အထိ၊ မြန်မာငွေကျပ် ၁၂,၀၀၀ မှ ၁၅,၀၀၀ အထိ စျေးရရှိလျက်ရှိသည်။ သဘာဝအတိုင်းသန့်စင်၍ အခြောက်ပြုလုပ်ထားသော ကင်းမွန်ခြောက်တစ်ကီလိုဂရမ်လျှင် မြန်မာငွေကျပ် ၅၃,၀၀၀ ခန့်အထိ စျေးကောင်းရရှိလျက်ရှိကာ ယမန်နှစ်ထက် တစ်ကီလိုလျှင် ဘတ် ၃၀ ကျော်စျေးပိုရရှိလျက်ရှိသည်။

     ရေခူထွက်ရှိသော ကာလ၌ ဘုတ်ပြင်းမြို့နယ် ကမ်းနီးပင်လယ်ပြင်တွင် အများဆုံးဖမ်းဆီးရမိလျက်ရှိပြီး  ရေခူဆားနယ် တစ်ကီလိုဂရမ်လျှင် ဘတ်  ၉၀၊ မြန်မာငွေကျပ် ၇,၅၀၀ကျော် ရရှိ လျက် ရေခူအစိုနှင့် အခြောက်ကို ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။ မြန်မာ့ပင်လယ်ပြင်မှရရှိသော ကင်းမွန်နှင့်ရေခူကို ပြည်တွင်း၌ ဟိုတယ်၊ စားသောက်ဆိုင်၊ ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးစျေးနှင့် စံပြငါးစျေးသို့တင်ပို့ပြီး ပြည်ပစျေးကွက်တွင် ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိကာ ထိုင်းနိုင်ငံမှ စည်သွတ်ဘူးပြုလုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်ဟု သိရသည်။

 Source: The Mirror

https://www.foodindustrydirectory.com.mm

 

 

Category: Local News