International News

၂၀၂၃ ခုနှစ်အတွင်း စပါးစံချိန်တင်ထွက်ရှိရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက မျှော်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မက်ထရစ်တန်ချိန်သန်း၂၀ အထိ ထွက်ရှိလျက် ယခင်နှစ် စပါးထွက်ရှိမှု တန်ချိန် ၁၉.၇ သန်းအပေါ် ၁.၅% တိုးတက်မှုရရှိနိုင်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအတွင်းဝန် Leocadio Sebastian က ၁၉-၁၀-၂၀၂၃ နေ့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ် နိုင်ငံတကာ ဆန်စပါးညီလာခံ၌ သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ တတိယသုံးလပတ်တွင် စိုက်ပျိုးထုတ်လုပ်မှုမှ စပါးမက်ထရစ်တန်ချိန် ၃.၈၀ သန်း ထွက်ရှိနိုင်ပြီး  ၂၀၂၂ ခုနှစ် ကာလတူ၌ စပါးထွက်ရှိမှု တန်ချိန် ၃.၇၉ သန်းနှင့် နှိုင်းယှဉ်ပါက ၀.၃% ခန့် တိုးတက်ဖွယ်ရှိကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့က ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ၌ မိုးဆက်လက်ရွာသွန်းမှုရှိနေသဖြင့် အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကို ခံစားရခြင်းမရှိသေးကြောင်း၊ သာမန်အားဖြင့် ခြောက်သွေ့ရာသီကာလတွင် နေရောင်ခြည်ရရှိမှု ကောင်းမွန်ခြင်းက ဆည်ရေသွင်းစိုက်ပျိုးသည့် လယ်ယာမြေများ၌ သီးနှံထွက်ရှိမှုကို တိုးတက်များ ပြားစေကြောင်း၊ ရေလုံလောက်စွာရရှိနိုင်ခြင်းမရှိသော နယ်မြေများတွင် သီးနှံပြက္ခဒိန်ကို ပြင်ဆင်လျက် ပုံမှန်ထက်ဆောလျင်စွာ စိုက်ပျိုးစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကာလ၌ စပါးဈေးနှုန်းများမြင့်မားမှုမှ တောင်သူများအနေဖြင့် အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း Sebastian က ပြောဆိုခဲ့သည်။

နိုင်ငံတစ်ဝန်း၌ ပျမ်းမျှစပါးဈေးနှုန်းများမှာ ဩဂုတ်လတွင် ၁ ကီလိုဂရမ်လျှင် ၂၂.၁၆ ပီဆိုနှုန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သော စပါးဈေးနှုန်း ၁ ကီလိုဂရမ်လျှင် ၁၇.၆၁ ပီဆိုအပေါ် ၂၅.၈% မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သော အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မြင့်မားစေရန်နှင့် ဆန်ဖူလုံမှုသေချာခိုင်မာစေရန် ရည်ရွယ်လျက် လယ်သမားများ ထံမှ စပါးများဝယ်ယူမှုအတွက် ပေးချေသည့် ဈေးနှုန်းကို ၁၈-၉-၂၀၂၃ နေ့တွင် တိုးမြှင့် သတ်မှတ်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အရ ခြောက်သွေ့သော စပါး ၁ ကီလိုဂရမ်လျှင် ယခင်က ၁၉ ပီဆိုနှုန်း မှ ယခု ၂၃ ပီဆိုသို့လည်းကောင်း၊ စိုစွတ်မှုရှိသော စပါး ၁ ကီလိုဂရမ်လျှင် ၁၆ ပီဆိုနှုန်းမှ ယခု ၁၉ ပီဆိုနှုန်းသို့ လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Source: Manila Times, 23 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

source:https://www.doca.gov.mm/my/node/14768

Category: International News