International News

ပို့ကုန်မှရရှိသည့်အမြတ်အား လယ်သမားများသို့ ၅၀% ခွဲဝေပေးရန် အိန္ဒိယအစိုးရက စီစဉ်

Last Updated:

အိန္ဒိယနိုင်ငံ၌ အမျိုးသားအဆင့်သမဝါယမပို့ကုန်ဆိုင်ရာ ညီလာခံတစ်ရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ရာ သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Amit Shah က အသစ်ဖွဲ့စည်းတည်ထောင်ခဲ့သော အမျိုးသားပို့ကုန်များသမဝါယမလီမိတက် (National Cooperative Exports Limited - NCEL) သည် ပြည်ပသို့တင်ပို့မည့် ကုန်စည်များကို အစိုးရက သတ်မှတ်သည့် အနိမ့်ဆုံး အထောက်အကူပြု အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price - MSP) ဖြင့် အသင်းဝင် လယ်သမားများထံမှ ဝယ်ယူမည်ဖြစ်ကြောင်း၊ လက်ရှိကာလ၌ NCEL သည် ရူပီးငွေ ကုဋေ ၇၀၀၀ တန်ဖိုးရှိ ပို့ကုန်အမှာစာများ ရရှိထားပြီးဖြစ်ကြောင်း၊ NCEL ၏ ပြည်ပသို့ ကုန်တင်ပို့မှုမှရရှိသည့် စုစုပေါင်းအမြတ်ငွေမှ ၅၀% ခန့်ကို အသင်းဝင်လယ်သမားများ ၏ ဘဏ်ငွေစာရင်းများသို့ တိုက်ရိုက်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ အကျိုးအမြတ်ရရှိမှုသည် MSP ဈေးနှုန်းဖြင့် ရောင်းချမှုထက် သာလွန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သမဝါယမဝန်ကြီးဌာနက ဖွဲ့စည်းခဲ့သော NCEL လီမိတက်သည် လတ်တလောကာလတွင် ယာယီရုံးခန်း တစ်ခုဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းအသစ်များကိုလည်း စုဆောင်းနေကြောင်း၊ NCEL သည် ပို့ကုန်မှ အကျိုးအမြတ်ရရှိရေးကိုသာမက ပို့ကုန်ဈေးကွက်ဝင် ကုန်စည်များအား လယ်သမားများက ထုတ်လုပ်စေရေးကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း Amit Shah က ပြောဆိုသည်။ အဆိုပါ ညီလာခံတွင် ဝန်ကြီး Amit Shah က NCEL ၏ အမှတ် တံဆိပ်လိုဂိုနှင့် အင်တာနက်ဝက်ဘ်ဆိုက်တို့အား လွှင့်တင်ပေးခဲ့ပြီး NCEL ၌ အဖွဲ့ဝင်အဖြစ် ပါဝင် သော သမဝါယမအဖွဲ့အစည်း ၅ ခုထံသို့လည်း အသင်းဝင်အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ သည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal ကလည်း NCEL ကို ဖွဲ့စည်းခြင်း သည် ပို့ကုန်လုပ်ငန်းများအတွက် အားပေးကူညီမှုဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ အသွင်ပြောင်းနိုင်ရေးတို့အတွက် အထောက်အပံ့ဖြစ်ကြောင်း၊ ကမ္ဘာ့လုံးဆိုင်ရာ အဆင့်၌ အိန္ဒိယနိုင်ငံ၏ ထင်ပေါ်ကျော်ကြားမှု ကြီးမားလာသည်နှင့်အမျှ သမဝါယကဏ္ဍသည် ပို့ကုန်အလားအလာကို ဖော်ထုတ် လုပ်ကိုင်နိုင်မှုရှိကြောင်း၊ သမဝါယအဖွဲ့အစည်းများအနေဖြင့် ပို့ကုန်ဈေးကွက်အတွက် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် အရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို အလေးပေးဆောင်ရွက်သင့်ကြောင်း အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့ပါသည်။

NCEL လီမိတက်ကို ပြည်နယ်စုံ သမဝါယအဖွဲ့အစည်းများဆိုင်ရာ အက်ဥပဒေ (Multi-State Co-operative Societies Act) အရ ၂၅-၁-၂၀၂၃ နေ့တွင် မှတ်ပုံတင်ဖွဲ့စည်းထားခြင်း ဖြစ် ကြောင်း၊ အများဆုံးထုတ်ဝေနိုင်သည့် အစုရှယ်ရာ အရင်းအနှီးမှာ ရူပီးငွေ ကုဋေ ၂၀၀၀ ရှိကြောင်း၊ ပို့ကုန် လုပ်ငန်းများကို စိတ်ပါဝင်စားသော မည်သည့်သမဝါယမအသင်း အသေးအကြီးမဆို NCEL ၏ အသင်းဝင်အဖြစ် ပါဝင်နိုင်ကြောင်း၊ ပြည်ပဈေးကွက်များသို့ ဝင်ရောက်ခြင်းဖြင့် အိန္ဒိယ သမ ဝါယမကဏ္ဍ၌ ပိုလျှံမည့် ကုန်စည်များကို တင်ပို့နိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယပြည်တွင်း၌ သမဝါယအဖွဲ့အစည်းပေါင်း ၈ သိန်းခန့် ရှိပြီး အသင်းသား ဦးရေပေါင်း သန်း ၂၉၀ ကျော်ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

Source: Economic Times, 24 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14769

Category: International News