Local News

ဆန်ဈေးကွက်ကျဆင်းခဲ့ရာမှ ဈေးအတက်ဘက်သို့ ရောက်လာနိုင်

Last Updated:
ရွှေမန်း
     ပြည်တွင်းစားသုံးမှုဆန်ဈေးကွက်တွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ တတိယပတ်က ဈေးနှုန်းများထက် ဆန်အိတ် တပိုင်းလျှင် ပျမ်းမျှငွေကျပ် တစ်သောင်းဝန်းကျင်ကျဆင်းခဲ့ရာက လာမည့် ရက်များ၌ တက်ရိပ်ဘက်သို့ ရောက်လာနိုင်သည်ဟု ဆန်စပါးကုန်သည်အချို့က သုံးသပ်ကြသည်။

     ဖေဖေါ်ဝါရီလ ၂၀ ရက်နောက်ပိုင်းမှ ဆန်နှင့်စပါးဝယ်သူနည်းလာသကဲ့သို့ ဘုရင့်နောင် ကုန်စည်ဒိုင်တွင်လည်း ဆန်ဝင်ရောက်မှုလျော့နည်းကာ   အရောင်းအ၀ယ်အေးခဲ့ပြီး   မတ်လဆန်းမှ စ၍ ဆန်နှင့်စပါးအရောင်းအ၀ယ်ဖြစ် လာသည် ဟုဆိုသည်။

"ပြီးခဲ့တဲ့ရက်တွေမှာ ဈေးချခံရတာလို့ ပြောရမှာပဲ။ နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ဝင်ငွေနဲ့ ပတ်သက်လို့ 65-35 သတ်မှတ်လိုက်တာကို အကြောင်းပြပြီး စောင့်ကြည့်သဘောနဲ့ အရောင်းအ၀ယ်နားကြတဲ့ အခြေအနေဖြစ်သွားတယ်။ ခုတောင် ခပ်ပါးပါးဈေးမြင့်လာပြီး ဈေးတက်ဖို့ အလားအလာရှိတယ်”ဟု ဆန်စပါးကုန်သည် ဦပြည့်ဖြိုးက ပြောသည်။

 

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုတွင် နိုင်ငံခြားငွေလဲလှယ်ရာ၌ နိုင်ငံခြား သုံးငွေ၏ ၆၅ ရာခိုင်နှုန်းကို၂၀၂၃ ခုနှစ် မတ် ၁ ရက်မှ စတင်၍ ဗဟိုဘဏ်သတ်မှတ် နှုန်းဖြင့် မြန်မာကျပ်ငွေ လဲလှယ်ရမည်ဟု ဖေဖေါ်ဝါရီလ ၂၃ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ဆန်စပါးအရောင်းအ၀ယ်အေးခဲ့ရာက ဈေး နုန်းများမှာလည်းအကျဘက်သို့ ရောက်ရှိခဲ့ကြောင်း သိရ သည်။

 

 

     "ဆန်က အရည်အသွေးနဲ့ အမျိုးအစားပေါ်မူတည်ပြီး ဈေးကွာတယ်။ ပြီးခဲ့တဲ့ ဆန်ဈေးကျတဲ့အချိန်မှာက အမြင့်ဈေးနဲ့ ၀ယ်ထားမိသူတွေနဲ့ လက်လီဆိုင်တွေမှာ  ဈေးချမရောင်းကြတာ ရှိတယ်။ ဒီလက စပြီး ပြည်တွင်း စားသုံးတဲ့ဆန်ရော Export ဆန်ရော ဈေးလှုပ်လာတယ်”ဟု ဆန်ပွဲရုံတစ်ခုမှ ပြောသည်။
 

       ပြည်တွင်းစားသုံးမှုဆန်ဈေးကွက်တွင် အမျိုးအစားအလိုက် ဆန်တစ်ပိုင်း(၂၄ပြည်)လျင် ပျမ်းမျှအားဖြင့် ငွေကျပ် ၅၀၀မှ ၁၀၀၀ ၀န်းကျင်နှင့်  Export  ဆန်ဈေးကွက်တွင်   ဖေဖေါ်ဝါရီလ ကုန်ရက်ကထက် လက်ကားဈေးမှာ ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ၀န်းကျင် မြင့်တက်လာခဲ့ကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်မှ သိရသည်။

မကွေးဂျာနယ်

 

Category: Local News