International News

ကုန်သည်များလက်ဝယ်၌ ပဲသိုလှောင်ခွင့်ပမာဏကို အိန္ဒိယအစိုးရက ပြန်လည်တိုးမြှင့်

Last Updated:

အိန္ဒိယနိုင်ငံ၌ စားသုံးသူများ၏ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်မှုကို ပိုမိုကောင်းမွန်စေရန်နှင့်  သိုလှောင်ဈေးကစားမှုများကို တားဆီးနိုင်ရန်အတွက် ပဲမျိုးစုံ တင်သွင်းသူများနှင့် လက်ကားကုန်သည်များ၏ လက်ဝယ်တွင် အများဆုံး သိုလှောင်ထားရှိနိုင်သည့် ပဲစင်းငုံနှင့် မတ်ပဲ ပမာဏကို တန်ချိန် ၅၀ သာ ခွင့်ပြုထားရာမှ တန်ချိန် ၂၀၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။

    အိန္ဒိယ စားသုံးသူရေးရာဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ် ပဲပမာဏသာ လက်ဝယ်ကျန်ရှိအောင် ရှင်းလင်းရမည့် အချိန်ကန့်သတ်ချက် ကိုလည်း မူလက တင်သွင်းရောက်ရှိချိန်မှ ရက် ၃၀ သတ်မှတ်ထားရာမှ ယခု ရက်ပေါင်း ၆၀ သို့ ပြင်ဆင်လိုက်ကြောင်း၊ ပဲခွဲစက်များ၊ ပြုပြင်ထုတ်လုပ်သူများ၏ လက်ဝယ်၌ ပဲစင်းငုံနှင့် မတ်ပဲကို နှစ်စဉ်ကြိတ်ခွဲ ထုတ်လုပ်မှု ပမာဏ၏ ၁၀ ရာခိုင်နှုန်း သို့မဟုတ် နောက်ဆုံး ၁ လအတွင်း ကြိတ်ခွဲထုတ်လုပ်ခဲ့သည့် ပမာဏတို့အနက် များရာပမာဏအထိ သိုလှောင်ခွင့်ပြုထားရာမှ ယခု နှစ်စဉ်ကြိတ်ခွဲ ထုတ်လုပ်မှုပမာဏ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် နောက်ဆုံး ၃ လအတွင်း ကြိတ်ခွဲ ထုတ်လုပ်ခဲ့သည့်ပမာဏ တို့အနက် များရာပမာဏသို့ ပြင်ဆင်တိုးမြှင့်လိုက်ကြောင်း၊ သို့ရာတွင် လက်လီဆိုင်များတွင် ယခင်အတိုင်း ၅ တန် အထိသာ သိုလှောင်နိုင်မည်ဖြစ်ကြောင်း၊ ကွန်ယက် ဖြန့်ကျက်၍ အကြီးစားလက်လီရောင်းချသည့်လုပ်ငန်းများ အနေဖြင့် လက်လီဆိုင်များတွင် ယခင်အတိုင်း ၅ တန် အထိ သိုလှောင်ခွင့်ရှိပြီး သိုလှောင်ရုံအဆင့်၌မူ ယခင်က တန် ၅၀ သာခွင့်ပြုရာမှ ယခု တန် ၂၀၀ အထိ ထားရှိခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

    အိန္ဒိယ ပဲခွဲစက်လုပ်ငန်းများအသင်း၏ ဥက္ကဋ္ဌ Suresh Aggarwal က အစိုးရ၏ ယခုကဲ့သို့ ဖြေလျော့မှုမှာ ပဲမျိုးစုံဈေးကွက်အတွင်း ပဲစင်းငုံနှင့် မတ်ပဲတို့၏ ရောင်းလိုအားကို မြှင့်တင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Economic Times, 7 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန် များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/15209

Category: International News