International News

တရုတ်နိုင်ငံသည် Trans-Pacific Partnership Agreement (CPTPP) သို့ ဝင်ရောက်နိုင်ရန် လုပ်ဆောင်နေ

Last Updated:

တရုတ်နိုင်ငံသည် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) နှင့် Digital Economy Partnership Agreement (DEPA) တို့သို့ ဝင်ရောက်နိုင်စေရန် တက်ကြွစွာ လုပ်ဆောင်နေသည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He Yadong က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် CPTPP ပါ ပြဋ္ဌာန်းချက်များအားလုံးကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အသေးစိတ်ခွဲခြမ်း စိတ်ဖြာ၍ အကဲဖြတ်ခဲ့ပြီး ဆောင်ရွက်ရန်လိုအပ်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ဖော်ထုတ်ခဲ့သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းနှင့် ရှေ့ပြေးလွတ်လပ်သောကုန်သွယ် ရေးဇုန်များတွင်လည်း CPTPP စံနှုန်းများနှင့်အညီ ရှေ့ပြေးအစီအစဥ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံသည် CPTPP သို့ ဝင်ခွင့်လုပ်ငန်းစဉ်များအတိုင်း အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

ထို့အပြင် တရုတ်နိုင်ငံသည် DEPA တွင် ပါဝင်ခွင့်ရရှိရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ယခင်နှစ် ဩဂုတ်လ၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် သဘောတူညီချက်ပါ ကိစ္စရပ်များအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်နေ သည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။ ယခုအချိန်အထိ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ (၂) ကြိမ်၊ ညှိနှိုင်းရေးမှူးအဆင့် အစည်းအဝေး (၃) ကြိမ်နှင့် လုပ်ငန်းအဖွဲ့အဆင့် အလွတ်သဘောညှိနှိုင်းမှု(၃) ကြိမ်ကို ကျင်းပခဲ့ပြီး အပြုသဘောဆောင်သည့် တိုးတက်မှုများရရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် CPTPP နှင့် DEPA တို့သို့ အမြန်ဆုံး ပူးပေါင်းပါဝင်နိုင်ရန် မျှော်လင့်ထားပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို တက်ကြွစွာ မြှင့်တင်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရန်နှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အတူလက်တွဲကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

 

 

Source: https://www.chinadaily.com.cn/a/202311/09/WS654cc2f7a31090682a5ed67a.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News