International News

သီးထပ်စပါးများအား ဆည်ရေပေးဝေ၍ စိုက်ပျိုးရန် ထိုင်းအစိုးရစီစဉ်

Last Updated:

ထိုင်းနိုင်ငံ၌ ယခုနှစ် မိုးရွာသွန်းမှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုရရှိခဲ့ရာ လယ်သမားများ ၏ စပါးသီးထပ်စိုက်ပျိုးမှုကို အထောက်အကူဖြစ်စေရေး သိုလှောင်ထားရှိသည့် ဆည်ရေများအား ပေးဝေရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းတော်ဝင်ဆည်မြောင်းဌာန၏ အစီရင်ခံစာအရ ယခုနှစ်၌ မုတ်သုံမိုးရွာသွန်းမှုက ဇူလိုင် လမှစတင်၍ ဆည်တာတမံ အများအပြားတွင် ရေသိုလှောင်မှုပမာဏကို တိုးတက်စေခဲ့ကြောင်း၊  နိုင်ငံ၏ မြောက်ဘက်အနိမ့်ပိုင်းဒေသ၊ အလယ်ပိုင်းလွင်ပြင်ဒေသနှင့် အရှေ့မြောက်ဒေသများ၌ မိုး ရေချိန် မြင့်မားခဲ့ကြောင်း၊ အစောပိုင်းကာလများတွင် ဆည်တာတမံများ၌ ရေမျက်နှာပြင်နိမ့်ကျမှု ကြောင့် ဆည်ရေသောက်လယ်မြေများတွင် စပါးသီးထပ်စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေပေးဝေမှုကို လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ယခုအခါ ဆည် ၁၄ ခုတွင် ကန်ရေပြည့် သိုလှောင်နိုင်စွမ်းပမာဏ၏ ၈၁ ရာခိုင်နှုန်းကျော်အထိ ရေသိုလှောင်ထားရှိပြီး အခြားဆည် ၁၇ ခု၌ ၈၀ ရာခိုင်နှုန်းအထိ ဆည်ရေစုဆောင်းထားပြီးဖြစ်ကြောင်း၊ ဆည်ရေသိုလှောင်နိုင်မှုမှာ ခန့်မှန်းထား သည်ထက် ပိုမိုလျက်ရှိရာ ယခုနှစ် စပါးသီးထပ်စိုက်ပျိုးရန်အတွက် ဆည်ရေပေးဝေမည်ဖြစ်ပြီး ယခင်နှစ် စိုက်ပျိုးနိုင်မှုနှင့် များစွာကွာခြားမှုမရှိပဲ သီးထပ်စပါးဧရိယာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆည်ရေပေးဝေရန်အတွက် ဆန်စပါးစိုက်ပျိုးရေးကော်မတီထံမှ အတည်ပြုချက်ရယူရန် လိုအပ်သကဲ့သို့ အမျိုးသားရေအရင်းအမြစ်ကော်မတီထံသို့လည်း ထပ်ဆင့်တင်ပြ အတည်ပြုချက် ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Thamanat Prompow က ၁၁-၁၀-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုနှင့် စပ်လျဉ်း ၍ Chi-Moon မြစ်ဝှမ်း‌ဒေသ၏ အခြေအနေမှာ ရက် ၂၀ ခန့် သို့မဟုတ် နိုဝင်ဘာလ ၁၀ ရက်နေ့ ခန့် အတွင်း ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနသည် အလယ်ပိုင်း လွင်ပြင်ဒေသရှိ ရေတားဆီးရေးဇုန်နယ်မြေများအတွင်း စပါးစိုက်ခင်းများသို့ ရေအမြောက်အမြား ဝင်ရောက်နစ်မြုပ်မှု၏ သက်ရောက်ထိခိုက်မှုများကို လျော့ချနိုင်ရန်အတွက် အကောင်းဆုံး စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိကြောင်း ဝန်ကြီး Thamanat က ပြောကြားခဲ့သည်။

ယခုနှစ် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ရေအသုံးချနိုင်မှုမှာ ကုဗမီတာပေါင်း ၃၁.၈၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူ၌ သုံးစွဲနိုင်မှုအောက် ရေကုဗမီတာပေါင်း ၆.၈၇ ဘီလီယံ လျော့နည်းလျက်ရှိကြောင်း သိရှိရသည်။

Source: Bangkok Post, 12 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14256

Category: International News