International News

ရုရှားနှင့် ယူကရိန်းမှ နေကြာဆီများဝင်ရောက်မှုက စားအုန်းဆီဈေးနှုန်းများ ကျဆင်းစေ

Last Updated:

ကမ္ဘာ့ထိပ်တန်း နေကြာဆီထုတ်လုပ်သည့် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ၎င်းတို့၏ ငွေကြေးတန်ဖိုးများ ကျဆင်းသည့်အခြေအနေကို အသုံးချလျက် ဈေးကွက်ဝေစု ပိုမိုရရှိရန် ဆောင်ရွက်မှုကြောင့် စားသုံးဆီဈေးကွက်အတွင်း ဈေးသက်သာသော နေကြာဆီများ အလျှံအပယ် ဝင်ရောက်မှုဖြစ်ပေါ်လျက်  စားအုန်းဆီဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

ဒူဘိုင်းမြို့အခြေစိုက် Glentech Group မှ အမှုဆောင်အရာရှိချုပ် Vipin Gupta က ပရီမီယံအရည်အသွေးအဆင့်ရှိပြီး ပဲပုတ်ဆီထက် ဈေးနှုန်းချိုသာသော ပင်လယ်နက်ဒေသမှ နေကြာဆီများသည် ကမ္ဘာ့ဈေးကွက်သို့ အလုံးအရင်းဖြင့် ရောင်းချလျက်ရှိရာ စားအုန်းဆီအပါအဝင် အခြားသော စားသုံးဆီများအပေါ် ဖိအားများဖြစ်ပေါ်စေလျက်ရှိကြောင်း ပြောဆိုပါသည်။

အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံသို့ သင်္ဘောတင်ပို့မည့် နေကြာဆီကြမ်း မက်ထရစ် ၁ တန်၏ သယ်ယူပို့ဆောင်မှုနှင့် အာမခံစရိတ်အပါအဝင် ဆိပ်ကမ်းအရောက် CIF တန်ဖိုးသည် ၈၉၅ ဒေါ်လာရှိပြီး စားအုန်းဆီကြမ်း ၁ တန်၏ CIF ဈေးနှုန်းမှာ ဒေါ်လာ ၈၅၀ ရှိကြောင်း၊ လွန်ခဲ့သော ၁ နှစ်တာကာလ၌ နေကြာဆီကြမ်း ၁ တန်သည် စားအုန်းဆီကြမ်း ၁ တန်ထက် ဒေါ်လာ ၄၀၀ ကျော် ဈေးနှုန်းပိုမိုခဲ့ရာမှ ယခု ၄၅ ဒေါ်လာမျှသာ ကွာဟမှုရှိကြောင်း၊ ရုရှားနိုင်ငံ၌ နေကြာစေ့ စိုက်ပျိုး ထုတ်လုပ်မှုမှာ တန်ချိန် ၁၇ သန်းအထိ စံချိန်တင်ထွက်ရှိပြီး ရောင်းလိုအားမြင့်မားလျက်ရှိကြောင်း၊ ရုရှား၏ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်မှုမှာ အရှိန်မြင့်တက်မှုနှင့်အတူ ပြည်ပသို့ နေကြာဆီတင်ပို့မှု မှာလည်း ယခင်နှစ်ကထက် တန်ချိန် ၀.၈ သန်းပိုမိုလျက် တန်ချိန် ၄.၅ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ လွန်ခဲ့သော ၃ လအတွင်း နေကြာဆီဈေးနှုန်းများမှာ ဒေါ်လာငွေတန်ဖိုးအရ ကျဆင်းခဲ့သော်လည်း ရူဘယ်ငွေကြေး၏ တန်ဖိုးမှာ ကျဆင်းလျက်ရှိသဖြင့် ရုရှားလယ်သမားများအနေဖြင့် အကျိုးအမြတ်ရရှိနေဆဲဖြစ်ကြောင်းဖြင့် ကုန်သည်များက ပြောဆိုကြပါသည်။

ပင်လယ်နက်ဒေသကောက်ပဲသီးနှံသဘောတူညီချက်မှ ရုရှားနိုင်ငံကနှုတ်ထွက်ခဲ့ပြီးနောက် နေကြာဆီများ သင်္ဘောတင်ပို့နိုင်ရန် ကြိုးပမ်းနေရသည့် ယူကရိန်းနိုင်ငံသည် နေကြာစေ့များကို ရောင်းချရန်အတွက်လည်း အားထုတ်လုပ်ဆောင်လျက်ရှိကြောင်း၊ ယူကရိန်း၏ အိမ်နီးချင်းနိုင်ငံ များသည် တင်သွင်းလာသည့် နေကြာစေ့များအား ကြိတ်ခွဲထုတ်လုပ်လျက် နေကြာဆီများကို ပြန် လည်တင်ပို့လျက်ရှိကြောင်းဖြင့် ယူကရိန်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ခန့်မှန်းချက်အရ ယူကရိန်း၏ နေကြာစေ့ စိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထွက်ရှိမှု တန်ချိန် ၁၂.၂ သန်းထက်ပိုမိုလျက် ယခုနှစ်တွင် တန်ချိန် ၁၄ သန်းသို့ ရောက်ရှိနိုင်ကြောင်း၊ အလားတူ ဥရောပသမဂ္ဂသည်လည်း ယခင်နှစ်၌ နေကြာစေ့တန်ချိန် ၉.၂ သန်းထွက်ရှိရာမှ ယခုနှစ်တွင် တန်ချိန် ၁၀.၆ သန်းအထိ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

စားအုန်းဆီနှင့် နေကြာဆီတို့ကို တင်သွင်းမှုအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံသည် နိုဝင်ဘာ လ ၁ ရက်နေ့မှ စတင်မည့် ဈေးကွက်ရာသီနှစ်တွင် နေကြာဆီကို တန်ချိန် ၃.၂ သန်းခန့်အထိ စံချိန်တင် တင်သွင်းဖွယ်ရှိကြောင်း၊ သို့ရာတွင် စားအုန်းဆီတင်သွင်းမှုမှာ ၈ ရာခိုင်နှုန်းခန့် လျော့ကျ လျက် တန်ချိန် ၉ သန်းခန့်ရှိနိုင်ကြောင်း၊ ပုံမှန်အားဖြင့် အိန္ဒိယ၏ နေကြာဆီ တင်သွင်းမှုမှာ လစဉ် တန်ချိန် ၂ သိန်းခန့်သာဖြစ်သော်လည်း လွန်ခဲ့သော လအနည်းငယ်ခန့်မှစပြီး တန်ချိန် ၃ သိန်းအထိ တိုးတက်တင်သွင်းမှုရှိလာကြောင်းဖြင့် GGN Research မှ ဆီကုန်သည် Nirav Desai က ပြောဆို ခဲ့သည်။

သို့ရာတွင် နေကြာဆီ ရောင်းလိုအားမှာ စားအုန်းဆီနှင့် တူညီမှုမရှိပဲ ကန့်သတ်ချက်ရှိပြီး တစ်ဟုန်ထိုး ရောင်းချမှုများအရ ဒီဇင်ဘာလခန့်တွင် ကုန်လက်ကျန် ပြတ်လပ်ဖွယ်ရှိပြီး ဈေးနှုန်း များသည်လည်း ဇန်နဝါရီလ၌ ၁ တန်လျှင် ဒေါ်လာ ၁၅၀ ခန့်အထိ ထပ်မံမြင့်တက်လာနိုင်ကြောင်း စင်ကာပူအခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ၌ စက်တင်ဘာလကုန်ရှိ စားအုန်းဆီလက်ကျန်ပမာဏသည် ၁၁ လတာ အတွင်း အများဆုံးအဖြစ်ရောက်ရှိလျက် အောက်တိုဘာလ ဒုတိယရက်သတ္တပတ်ရှိ စားအုန်းဆီ ဈေးနှုန်းများမှာ ၃ လခွဲကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, 11 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm/my/node/14257

Category: International News