International News

BIOFACH 2024 အား လာမည့်နှစ်ဖေဖော်ဝါရီလအတွင်း ဂျာမနီနိုင်ငံ၊ Nuremberg မြို့တွင် ကျင်းပမည်

Last Updated:

Organic စားသောက်ကုန်များနှင့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ကမ္ဘာ့အကြီးဆုံး ထိပ်တန်း ကုန်စည်ပြပွဲကြီး ဖြစ်သည့် BIOFACH 2024 ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဂျာမနီနိုင်ငံ၊ Nuremberg မြို့ တွင် လေးရက်တိုင်တိုင် ကျင်းပမည်ဖြစ်သည်။

BIOFACH ကို Nuremberg Messe GmbH က ကြီးမှူး၍ နှစ်စဉ် ကျင်းပလျက်ရှိရာ ၁၄-၂-၂၀၂၃ မှ ၁၇-၂-၂၀၂၃ ရက်အထိ ကျင်းပခဲ့သော BIOFACH 2023 သို့ နိုင်ငံပေါင်း (၁၃၅)နိုင်ငံမှ စိတ်ပါဝင်စားသူ(၃၆၀၀၀) နီးပါးခန့် လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။

ယင်းကုန်စည်ပြပွဲကြီးတွင် နိုင်ငံပေါင်း(၉၅)နိုင်ငံမှ လာရောက်ပြသသူ(၂၇၆၅) ဦးက အော်ဂဲနစ်စားသောက်ကုန်များ နှင့် အလှကုန်ပစ္စည်းများကို ပြခန်းများနှင့် Digital event platform များဖြင့် ခင်းကျင်းပြသခဲ့ကြရာ နိုင်ငံတကာမှ အော်ဂဲနစ် စားသောက်ကုန်များနှင့် သဘာဝအလှကုန် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများမှ ကိုယ်စားလှယ်များ အချင်းချင်း တွေ့ဆုံခွင့် ရရှိခဲ့ကြသဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ပြီး အနာဂတ်ကာလကို ပုံဖော်နိုင်ခဲ့ကြပါ သည်။

၂၀၂၂ ခုနှစ်က ကျင်းပခဲ့သော BIOFACH 2022 သို့ မြန်မာနိုင်ငံမှ လက်ဖက်ကုမ္ပဏီများက ပြခန်းများ ခင်းကျင်း ပြသခြင်းနှင့် Digital Event Platform များမှတစ်ဆင့် ပြသခြင်းများ ပါဝင်ဆောင်ရွက်ခဲ့သကဲ့သို့  Trade Visitors အဖြစ် ကြည့်ရှုလေ့လာမှုများလည်းရှိခဲ့ပါသည်။

BIOFACH တွင်  အော်ဂဲနစ်ဈေးကွက်များမှ ထုတ်လုပ်သူများနှင့်တွေ့ဆုံခွင့်ရရှိနိုင်ပြီး အော်ဂဲနစ်ကဏ္ဍ၏ latest Trends များကိုပါ စိတ်ပါဝင်စားစွာ လေ့လာနိုင်သဖြင့် မြန်မာနိုင်ငံမှ စာသောက်ကုန် ထုတ်လုပ်သော ကုမ္ပဏီများ အနေဖြင့် လာရောက်လေ့လာပြသသင့်သော ကုန်စည်ပြပွဲကြီးတစ်ခု ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

 

စီးပွားရေးသံမှူး၊ ဘာလင်

Category: International News