Local News

“မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ၂၀၂၃ (မြန်မာ) Mekong-Lancang Fruit Festival 2023 (Myanmar)” ကျင်းပဆောင်ရွက်နိုင်ရေးအတွက် တတိယအကြိမ်အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “မဲခေါင်-လန်ချန်းသစ်သီးပွဲတော်၂၀၂၃ (မြန်မာ)”တွင် မြန်မာနိုင်ငံမှဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များနှင့်ကုန်သည်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေးအတွက် တတိယအကြိမ် အကြိုညှိနှိုင်းအစည်း အဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ချုပ် ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၁၉    ရက်နေ့၊  နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင်  မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် Physical/Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။    

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။ ညှိနှိုင်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး၊ထုတ်လုပ်၊တင်ပို့ရောင်းချသူများအသင်းနှင့် ညီနောင်အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်းဒေသခွဲ စီးပွားရေးနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး စင်တာနှင့်ပူးပေါင်း၍ “မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ၂၀၂၃ (မြန်မာ)”ကို  ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များနှင့် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ “မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ၂၀၂၃(မြန်မာ)” တွင် မြန်မာနိုင်ငံ၏ အလားအလာဖြစ်သည့် သစ်သီးဝလံများနှင့် ပတ်သက်၍လည်း လုပ်ငန်းစီမံချက်၊ ဦးဆောင်အဖွဲ့၊ အထောက်အကူအဖွဲ့များဖွဲ့စည်းမှုတွင် ပါဝင်သူများအနေဖြင့် လုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ စီမံချက်ပါအတိုင်း လုပ်ငန်း တာဝန်များကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် အချက်အလက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက် ရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ စီမံချက်တွင်ပါရှိသည့် ကော်မတီအဖွဲ့ဝင်များအားလုံးမှ သက်ဆိုင် ရာကဏ္ဍအလိုက် “မဲခေါင်-လန်ချန်း သစ်သီးပွဲတော်၂၀၂၃ (မြန်မာ)”နှင့်ပတ်သက်ပြီး အောင်မြင်အောင် အကောင် အထည်ဖော်၍ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ “မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ၂၀၂၃ (မြန်မာ)”တွင် မြန်မာနိုင်ငံ၏ အလား အလာရှိဖြစ်သည့် သစ်သီး ဝလံများနှင့်ပတ်သက်သည့်  ဈေးကွက်မြှင့်တင်ရေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခြင်း၊ အလားအလာရှိသည့် သစ်သီးဝလံများနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခြင်း၊ စီးပွားရေးတွေ့ဆုံပွဲဆွေးနွေးပွဲများ ကျင်းပခြင်း၊ ကုန်ဝယ်သူများနှင့်ချိတ်ဆက်၍ ရောင်းဝယ်မှုဆိုင်ရာသဘောတူစာချုပ်များချုပ်ဆိုနိုင်သည်အထိ ချိတ်ဆက်ခြင်း များကို စီစဉ်ဆောင်ရွက်ခြင်းစသည့်ကိစ္စရပ်များကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

Category: Local News