Local News

၁၃.၃.၂၀၂၃ မှ ၁၇.၃.၂၀၂၃ နေ့အထိဈေးကွက်သုံးသပ်ချက်

Last Updated:

ဆန်စပါး

     ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချောဈေးတွေငြိမ်နေပြီး ဆန်ကြမ်းဈေးတွေ အနည်းငယ်ပြန်တက် လာပါတယ်။ ဆန်အဝင်ကတော့ ပုံမှန်ရှိနေပြီး အရောင်းအဝယ်ကတော့အေးနေပါတယ်။ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ၆၅ ၃၅ ရာခိုင်နှုန်းကြောင့် နစ်နာမှုတွေရှိနေလို့ ဆန်တင်ပို့မှုကို ခဏရပ်ဆိုင်းထားပေမယ့် အဝယ်သွက်နေလို့ ဈေးကပြန်တက်လာတာဖြစ်ပြီး အသစ်တွေ ဈေးကွက်ထဲမဝင်ခင် ထပ်ပြီးတက်နိုင်ဦးမယ် လို့ဆန်ကုန်သည်တွေက သုံးသပ်ထားပါတယ်။

      ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ က တစ်အိတ်ကို ၅၂၀၀၀ကနေ ၅၃၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်၊ဧည့်မထ၂၅ မှတ်တန်က တစ်အိတ်ကို ၅၂၀၀၀ ကနေ ၅၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၅၇၀၀၀ ကနေ ၅၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၅၂၅၀၀ ကနေ ၅၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

     ဧရာဝတီတိုင်း ဆန်စပါးဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက လက်ကျန်လည်း မရှိတော့သလို အရောင်းအဝယ်လည်း အေးနေတာ ဖြစ်လို့ ဈေးက ပြန်ကျဆင်းနေပါတယ်။တင်း ၁၀၀ ကို ၁၆၉၁၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၆၀၀၀ ကျပ်ဈေးကျဆင်းပြီး၊ ဆန်ကတော့ တစ်အိတ်ကို ၇၀၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၁၃၈၉၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၇၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ဆန်ကတော့တစ်အိတ်ကို ၅၃၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ကျန်မြို့နယ် ကတော့ ဈေးငြိမ်ပါတယ်။

 

မတ်ပဲ

       မတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ပြည်တွင်း လက်ကြီးသမားတွေရဲ့ ဈေးဆွဲတင်မှု တွေကြောင့် ဈေးကတက်နေတာ ဖြစ်တယ်လို့သိရပါတယ်။ ကြိုပွိုင့် ရောင်းထားတဲ့ ပဲတွေကို အပ်ရတော့မှာ ဖြစ်ပြီး တစ်တင်းကို ၅၀၀၀၀ ကနေ ၅၅၀၀၀ ကြား ပေးပြီး ဝယ်ယူထားကြတယ်လို့  နယ်အချို့က ပဲကုန်သည် တွေက ဆိုပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ပဲ မအပ်ရင်တော့ လက်ရှိပေါက်ဈေးနှုန်းနဲ့ လျော်ရမှာဖြစ်လို့ ဈေးဆွဲတင်နေတာ ဖြစ်ပြီး ပဲအပ်ကာလ ကျော်လွန်သွားရင်တော့ ဈေးတွေ ပြန်ကျဆင်းနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။

       အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲ လိုအပ်ချက် ရှိနေလို့ CNFဈေးနှုန်းတွေပါ မြင့်တက်နေတာဖြစ်ပြီး မတ်ပဲက ဈေးဆက်မာဦးမယ်လို့သုံးသပ်မှုတွေ ရှိနေပေမယ့် လက်ရှိပေါက်ဈေးနှုန်းထက် မြင့်သွားရင်တော့ အဝယ် လျော့နိုင်ပြီး ဈေးချဝယ်ယူတာတွေ ရှိလာနိုင်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) တစ်တန်ကို ၁၉၈၅၀၀၀ ပေါက်ဈေးရှိပီး တစ်တန်ကို ၅၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

       မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၇၀၀၀ ကနေ ၁၉၁၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။  မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည် ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်းကို ၆၃၀၀၀ ကနေ ၆၄၅၀၀ ကြားပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက် လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကာလတူ အခြေအနေမှာတော့ မတ်ပဲက တစ်တန်ကို ၁၄ သိန်းကျော်သာ ပေါက်ဈေးရှိနေပါတယ်။

 

ပဲစင်းငုံနီ

      ပဲစင်းငုံနီကလည်း လက်ကျန်မရှိတော့ပဲ ဈေးကမြင့်တက်နေတာ ဖြစ်ပါတယ်။ ရောင်းသူဝယ်သူ စိတ်ကြိုက်ဈေး ပေးဝယ်ယူမှုတွေအထိ ရှိနေတယ်လို့လည်း ပဲကုန်သည်တွေအကြား သိရပါတယ်။ အိန္ဒိယနိုင်ငကလည်း ပဲအထွက်နှုန်းလျော့မယ်လို့ ထုတ်ပြန်ထားတာကြောင့် မြန်မာပြည်တွင်းမှာရှိတဲ့ အထွက်နှုန်းနည်းတဲ့ ပဲစင်းငုံနီက ဈေးမြင့်နေတာဖြစ်ပါတယ်။ ပဲစင်းငုံနီက ဈေးတွေမြင့်တက်နေပေမယ့် တောင်သူတွေ လက်ထဲမှာ တော့ပဲမရှိ တော့ပါဘူး။

      ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၂၅၇၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၅၀၀၀၀ နီးပါး ဈေးမြင့် တက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၁၃၀၀၀ ကနေ ၂၁၅၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၅၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာနှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၇၀၀၀၀ ကနေ ၇၁၅၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူ အခြေအနေမှာ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း        ၁ သောင်းကျော်သာ ပေါက်ဈေးရှိပါတယ်။

 

ကုလားပဲ

        ကုလားပဲကတော့ ဆက်တိုက်ဈေးတက်နေပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး အဝယ်သွက်နေတဲ့ အတွက်ဈေးကောင်းရရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ ကုလားပဲပေါက်ဈေးနှုန်းက စံချိန်တင်ဈေးမြင့် တက်နေ တာဖြစ်တယ်လို့ ကုလားပဲစိုက်တောင်သူကုန်သည်တွေက ဆိုပါတယ်။  ကုလားပဲဈေးက လက်ရှိအမြင့်ဆုံး ရောက်ရှိနေတဲ့အတွက် ပြည်ပကနေ တင်သွင်းမှုတွေရှိနေပြီး ဈေးနှုန်းကလည်း ထက်ဝက်နီးပါး ဈေးသက်သာ တယ်လို့သိရပါတယ်။ အရည်အသွေးအားဖြင့်တော့ ပြည်တွင်းကုလားပဲတွေက ပိုကောင်းတယ်လို့ ရောင်းချသူ တွေက ဆိုပါတယ်။

       ရန်ကုန်ဈေးကွက်မှာတော့  ကုလားပဲလုံးဖြူ က  တစ်ပိဿာ ကို ၃၅၆၅  ကနေ ၃၆၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၃၅၅၀ ကနေ ၃၆၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၃၅ ကျပ်၊ ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၄၃၅၀ ကနေ ၄၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။

     မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၂၀၀၅၀၀ ကနေ ၂၀၁၀၀၀ ပေါက်ဈေးရှိပြီး၁၅၀၀၀ ကျပ်ကုလားပဲ(ဗွီတူး)က တို့က တော့တစ်အိတ်ကို ၂၀၇၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ်၊ကုလားပဲ(ဗွီဆဲဗင်း)ကလည်း တစ်အိတ်ကို ၂၀၃၀၀၀ ကနေ ၂၀၄၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ်၊ကုလားပဲ ၉၂၉ ကတော့တစ်အိတ်ကို ၂၀၂၀၀၀ ကနေ ၂၀၃၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်အသီးသီး   ဈေးမြင့် တက်လာပါတယ်။

        မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၈၅၀၀ ကျပ်ရှိပြီး တစ်တင်း ကို ၃၀၀၀ ကျပ် ၊ ကုလားပဲ(၉၂၉) အသစ်တစ်တင်းကို ၆၈၀၀၀   ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်က ကုလားပဲ တစ်အိတ်ကို အနိမ့်ဆုံး ဈေး ၁၂၅၀၀၀ ကနေ အမြင့်ဆုံးဈေး ၁၃၅၀၀၀ ကြား ပေါက်ဈေးရှိခဲ့သည်။

 

သကြား 

   သကြားဈေးကတော့ ပြန်ကျဆင်းနေပါတယ်။ မှောင်ခိုတင်သွင်းလာတဲ့ သကြားတွေအဝင်များလာ သလို ကြံကြိတ်ရာသီဖြစ်တဲ့အတွက် အနည်းငယ်ဈေးပြန်ကျဆင်းတာလို့ ကုန်သည်အချို့ကတော့ ဆိုပါတယ်။

     ဗီယမ်နမ်ကို သကြားတင်ပို့သွားဖို့ရှိပြီး ပြည်တွင်းစားသုံးမှု လည်း ပုံမှန်ရှိနေလို့ သကြားဈေးကတော့ အများကြီးကျဆင်းဖို့ မရှိဘူးလို့ ဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ သကြားက တစ်ပိဿာကို ၃၀၀၀ ကနေ ၃၀၃၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တစ်ပိဿာကို ၆၀ လောက်ဈေးကျဆင်းသွားပါတယ်။

Source: ထွက်တိုး

 

Category: Local News