Local News

မန္တလေးဈေးကွက် ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်း အတက်အကျ အခြေအနေ

Last Updated:

        မန္တလေးဈေးကွက် ဆန်ပွဲရုံများတွင် ရန်ကုန်ပေါ်ဆန်းမှာ အဝင်နည်းခြင်း၊ စားသုံးရန်ဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိသော ဆန်ဖြစ်၍ အဝင်နည်းခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၇၇၀၀၀ ကျပ် မှ ၈၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။ မနောသုခဆန်မှာ မန္တလေးဝန်းကျင် ဒေသများမှ ထွက်ရှိသောဆန်ဖြစ်ခြင်း၊ စိုက်ပျိုးရန် ပြင်ဆင်စဖြစ်ခြင်း၊ အများသုံးဆန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၆၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်သောဆန်ဖြစ်ခြင်းကြောင့် ပင်ရင်းဈေးနိမ့်သဖြင့် ယခင်အပတ် ၆၂၀၀၀ ကျပ် မှ ယခုအပတ် ၅၈၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ ငစိန်ဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့် ဝင်ရောက်သဖြင့် ဈေးမသိမသာနိမ့်ခြင်း၊ မုန့်လုပ်ငန်းသမား အဝယ်နည်းခြင်း၊ မိုးမိတ်၊ ကွပ်ခိုင်နှင့် မန္တလေးဝန်းကျင်မြို့များမှ အမှာနည်းခြင်းကြောင့် ၅၈၀၀၀ ကျပ် မှ ၅၄၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ဧရာမင်းဆန်မှာ စိုက်ဧကနည်း၊ အထွက်နည်း၊ အဝင်နည်းခြင်း၊ မြို့တွင်းစားသုံးမှုများ လာခြင်းကြောင့် အဟောင်းတစ်အိတ် ၈၂၀၀၀ ကျပ်၊ အသစ်တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၇၀၀၀၀ ကျပ် မှ ၇၈၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။ ယခုအပတ်တွင် မြို့တွင်းသုံးသာ ဝယ်ယူမှုများပြီး နယ်ဝေး တင်ပို့ရမှုနည်းသည်။

Source: https://www.foodindustrydirectory.com.mm

Category: Local News