Local News

အကောက်ခွန်သိုသှောင်ရုံသို့ထည့်သွင်းမည့် ကုန်ပစ္စည်းများ အပါအဝင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုအားလုံးအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုမည်

Last Updated:

     အကောက်ခွန်သိုသှောင်ရုံသို့ ထည့်သွင်းမည့်ကုန်ပစ္စည်းများအပါအဝင် ပြည်ပမှကုန်ပစ္စည်း တင်သွင်းမှုအားလုံးအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၇/၂၀၂၃)အရ သွင်းကုန် လိုင်စင်လျှောက်ထားရန် လိုအပ် သောကုန်စည်များ တင်သွင်းမှုနှင့်ပတ်သက်၍ စည်းကမ်းသတ်မှတ်ထားသည့်ကိစ္စအား ပြင်ဆင်ထုတ်ပြန် ခြင်းဖြစ်သည်။

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၆၈ /၂၀၁၉ ဖြင့် ထုတ်ပြန်ထားသော အကောက်ခွန်သိုလှောင်ရုံ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေရှိစေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနသည် အမိန့်ကြော်ငြာစာ အမှတ် ၅၀/၂၀၂၀ ဖြင့် “သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်သိုလှောင်ရုံသို့ ထည့်သွင်းရန် တင်သွင်းလာသည့်ကုန်စည်များမှအပ ကျန်ကုန်စည်များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်း မရှိစေရ”ဟု ထုတ်ပြန်ထားသည်။

     ထို့ပြင် ပို့ကုန်သွင်းကုန်သတင်းလွှာအမှတ် ၆/၂၀၂၂ ဖြင့် သက်ဆိုင်ရာဌာနများ၏ သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ်ခွင့်ပြုချက်မရမီ ကုန်စည်နှင့်ကုန်ပစ္စည်းများ ဆိပ်ကမ်းသို့ ကြိုတင် ရောက်ရှိကြောင်း စိစစ်တွေ့ ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာချက် ထပ်မံ ထုတ်ပြန်ကြေညာထားသည်။

   ကုန်သွယ်မှုလုပ်ငန်းများကို ထိန်းကျောင်း ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ အကောက်ခွန် သိုလှောင်ရုံတွင် ကာလကြာရှည်စွာ ထည့်သွင်းသိုလှောင်ခြင်းကြောင့် ကုန်စည်များ အရည်အသွေးထိခိုက်မှု မရှိစေရေးအတွက်လည်းကောင်း၊ အကောက်ခွန်သိုလှောင်ရုံသို့ ထည်သွင်းမည့်  ကုန်ပစ္စည်းများအပါအဝင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုအားလုံးအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ သို့ဖြစ်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၀ /၂၀၂၀ ပါ ထုတ်ပြန်ကြေညာချက် များအား ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ခြောက်လတိတိ ယာယီဆိုင်းငံ့သွားမည်ဖြစ်ပြီး လိုအပ်ပါက သက်တမ်းတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Source: https://news-eleven.com

Category: Local News