Local News

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရန်အရှိန်အဟုန်မြှင့်တင်တော့မည်

Last Updated:

နေပြည်တော် ၂၆  ဒီဇင်ဘာ

   ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ-တရုတ်ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသော ကျောက်ဖြူ အထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်(စီမံကိန်းကုမ္ပဏီ)တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူ စာချုပ်(Concession Agreement)ကို၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာချုပ်ဆိုခဲ့ပါသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စာချုပ်ပါအချက်အလက် အချို့အား မြန်မာ-တရုတ်နှစ်ဘက်လုံး ၏လုပ်ပိုင်ခွင့်အာဏာနှင့်တာဝန်ဝတ္တရားများကို ပို၍ရှင်းလင်းအောင်သတ်မှတ် နိုင်ရန် လိုအပ်သဖြင့်လည်းကောင်း၊ ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် ( Concession Agreement) အပေါ် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သဖြင့်လည်းကောင်း၊ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးချက်များအရ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူ အထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စားလှယ် တို့အကြား  နောက်ဆက်တွဲစာချုပ် (Addendum) အား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆောလျင်စွာ စတင်နိုင်ရန် တွန်းအားပေးပါမည်။ ဤစီမံကိန်းသည် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့်မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်ပါမည်။

  ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံ ထားသည့် အကြီးစားအခြေခံအဆောက်အအုံတိုးတက်ရေး စီမံကိန်း တစ်ခုဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင် မြန်မာဘက်မှ အစုရှယ်ယာ ၃၀ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ရာခိုင်နှုန်းပါဝင်ပါသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ခုဖြင့် နှစ်စဥ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန် လျာထားပြီးစီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ယင်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှု အချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီး(Gateway)အသွင်ဖြင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

    မြန်မာ-တရုတ်နှစ်ဘက်လုံးသည်စီမံကိန်းဆိုင်ရာကနဦးလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ခုနှစ်မှစတင်ကာ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက်     ကနဦးပထဝီမြေမျက်နှာ   သွင်ပြင်ဆိုင်ရာတိုင်းတာစစ်ဆေးမှု လုပ်ငန်း(PGTS)နှင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA)တို့ကို လုပ်ဆောင်ခဲ့ရုံသာမကကမ္ဘာပေါ်၌နာမည်ကျော်ကြားသော ကနေဒါနိုင်ငံအခြေစိုက် စီမံကိန်း စီမံခန့်ခွဲမှုကုမ္ပဏီHATCH အား စီမံကိန်းအတိုင်ပင်ခံအဖြစ် ခန့်အပ်ထားပြီး ၎င်း၏ အကူအညီဖြင့် ကန်ထရိုက်တာများ ရွေးချယ်ခြင်းနှင့် စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ကနဦးပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာစစ်ဆေးမှုလုပ်ငန်း(PGTS)ကို ပြီးစီးပြီဖြစ်ရာ သက်ဆိုင် သည့် ပထဝီမြေမျက်နှာသွင်ပြင် ဆိုင်ရာနည်းပညာ အစီရင်ခံစာများသည် စီမံကိန်းနောက်ဆက်တွဲဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးနိုင်မည်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း(ESIA)သည် စီမံကိန်း၏အနာဂတ်တည်ဆောက်မှုနှင့် လည်ပတ်မှုလုပ်ငန်းစဥ်တို့ကြောင့်ဖြစ်လာနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ခွဲခြမ်း စိတ်ဖြာပြီး အကဲဖြတ်ရန်နှင့် ဆိုးကျိုးသက်ရောက်မှုများကို တားဆီးရန် သို့မဟုတ် လျော့ပါးသက်သာစေရန် အစီအမံများ ချမှတ်ရေးအတွက် ရည်ရွယ်ပါသည်။ စီမံကိန်း ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများအား တင်းတင်း ကြပ်ကြပ်လိုက်နာပြီး နိုင်ငံတကာ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြင့် ပြည်တွင်းအတွေ့အကြုံနှင့် နိုင်ငံတကာအမြင်များ ပြည့်ဝသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း (ESIA) အတိုင်ပင်ခံ ကုမ္ပဏီအား ခန့်အပ်ထားခြင်းလည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း(ESIA) အတိုင်ပင်ခံကုမ္ပဏီသည် ရေနက်ဆိပ်ကမ်း စီမံကိန်းဝန်းကျင်ရှိ သဘာဝပတ်၀န်းကျင်ဆိုင်ရာ အခြေခံအခြေအနေများကိုသိရှိနားလည်နိုင်စေရန် လေ့လာဆန်းစစ်ခြင်းနှင့် အများပြည်သူ ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ လုပ်ငန်းစဥ် (public participation activities)များကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဒေသခံများ၏စိုးရိမ်ပူပန်မှုများကို မှတ်တမ်းတင် ရယူခဲ့ကြပါသည်။ လက်ရှိတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (ESIA) သည် လည်းစီမံကိန်း၏ နယ်ပယ် အတိုင်းအတာသတ်မှတ်ခြင်းအဆင့် လုပ်ငန်းများအားပြီးစီးပြီဖြစ်ရာ နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာ (Scoping Report) သည်မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အတည်ပြုချက်အား ရရှိထားပြီးဖြစ်ပါသည်။ ESIA နောက်ဆက်တွဲ လုပ်ငန်းများအား မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများနှင့်နိုင်ငံတကာ အကောင်းဆုံး လုပ်ထုံး လုပ်နည်းများကို တိကျစွာလိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအား စိမ်းလန်း၍ ခေတ်မီသော ဆိပ်ကမ်းတစ်ခု ဖြစ်လာစေရေးအတွက် တွန်းအားပေးရန် ရည်ရွယ်ပါသည်။

     ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တိုးတက်ဆောင်ရွက်ရာတွင် "PPP" ("People Prosperity Planet") ဖြစ်သော ပြည်သူလူထုအကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း စသည့် အခြေခံမူကြီး ၃ ချက် အပေါ်မှာမူတည်ပြီး  အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ စီမံကိန်းဆိုင်ရာ လုပ်ငန်းများကို တက်တက် ကြွကြွဆောင်ရွက်နေချိန်တွင် မြန်မာ-တရုတ် နှစ်ဘက်လုံးသည် ကျောက်ဖြူဒေသခံများ၏ လူနေမှုဘဝများ တိုးတက်မြှင့်တင်ပေးနိုင်ရန် အထူး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ဖြူဒေသ၌ ကျေးလက်ရန်ပုံငွေ စီမံကိန်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ ရွေ့လျားဆေးခန်းစီမံကိန်း၊ ဒီရေတော စိုက်ပျိုးခြင်းစီမံကိန်း အစရှိသည့်လူမှုအကျိုးပြုစီမံကိန်း ၁၀ ခု ကျော်အား တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါစီမံကိန်းများမှဒေသခံထောင်ပေါင်းများစွာအကျိုးခံစားခဲ့ရပါသည်။       စီမံကိန်း၏အနာဂတ်တည်ဆောက်ရေးနှင့်လည်ပတ်ရေးအဆင့်များတွင်လည်း ပြည်တွင်းပြည်ပ လူမှုအကျိုးပြု မိတ်ဖက် အဖွဲ့အစည်းများအား ဆက်လက်၍ဖိတ်ခေါ်လက်တွဲကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ခြင်းစသည့် ပြည်သူများလိုအပ်နေသောနယ်ပယ်များတွင် အားထုတ် ဆောင်ရွက်သွားပါမည်။ စီမံကိန်းကုမ္ပဏီအနေဖြင့် စီမံကိန်းတည်ဆောက်ရေးအဆင့်၏ ပထမ ၅နှစ်တွင် နှစ်စဥ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀၊ လည်ပတ်ရေးအဆင့်တွင် နှစ်စဥ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ထည့်ဝင်ပြီး CSRနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပါမည်။ လူမှုအကျိုးပြု CSR လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတို့၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ‌ဒေသခံအဝန်းအဝိုင်း၏ ညီညွတ်မျှတစွာ ပါဝင်မှုကို ဖိတ်ခေါ်လိုပြီး  အကျိုးသက်ဆိုင်သူများ၏ ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များကိုလည်း သေချာစွာ နားထောင် လိမ့်မည်။

   ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းတည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း သောင်းနှင့်ချီ၍ ရရှိမည်ဖြစ်ကာ  စီမံခန့်ခွဲမှုဆိုင်ရာနေရာအများစုကို မြန်မာနိုင်ငံသား များအား ခန့်အပ်လုပ်ကိုင်စေမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုကို  အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာဖြင့်ဆွဲဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံတော်အတွက် များပြားသော အခွန်ငွေများ ဖန်တီးပေးကာ ပတ်ဝန်ကျင်ရှိ upstream နှင့် downstream လုပ်ငန်းများအားမြှင့်တင်ပေးနိုင်တဲ့အတွက် ‌မြန်မာနိုင်ငံတစ်ပြည်လုံး၏ စီးပွားရေးဖွံဖြိုး တိုးတက်ရေးနှင့် ပြည်သူပြည်သား တစ်ဦးချင်းစီ GDP ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

    စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံရခိုင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် မြန်မာနိုင်ငံမှလုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်မည့် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်      - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

                                    မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲ

ဆက်သွယ်ရန်ဖုန်း - ၀၆၇၃၄၀၈၆၄၈

 

Category: Local News