Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလတွင် ငှက်ပျောမျိုးစုံအဖီးရေ ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြိုနယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလတွင် ငှက်ပျောသီးမျိုးစုံအဖီးရေ ၃၅၀၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ငှက်ပျောရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိထွေးက ပြောပြ၍ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသထွက်ငှက်ပျောသီးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပြီးခဲ့သည့်အောက်တိုဘာလက ငှက်ပျောသီးမျိုးစုံ အဖီးရေ ၂၇၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငှက်ပျောသီးမျိုးစုံ အဖီးရေ ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း၊ ထိုသို့ တင်ပို့ရောင်းချခဲ့သည့် ငှက်ပျောသီးများသည် ဖီးကြမ်း၊ ရခိုင်၊ သီးမွှေး၊ ဆင်စွယ်စသည့် ငှက်ပျောအမျိုးအစားများ အများဆုံး တင်ပို့ရောင်းချခဲ့ရသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ငှက်ပျောမျိုးစုံ အဖီးရေ ၂၇၀၀၀၀ ထိ ရန်ကုန်ဈေးကွက်သို့ တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ ငှက်ပျောသီးမျိုးစုံအဖီးရေ ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ငှက်ပျောသီး အဝယ်လိုက်ပြီး ဈေးကောင်းလာတော့ ငှက်ပျောစိုက်တဲ့ တောင်သူတွေအနေနဲ့ ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ငှက်ပျောတွေ ထပ်တိုးစိုက်ပျိုးဖို့လုပ်နေတာ တွေ့ရပါတယ်။ လက်ရှိပွဲရုံတွေဆီ ငှက်ပျောသီးတွေအဝင်အထွက် မျှနေပါတယ်” ဟု ဒေါ်အိအိထွေးက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ  ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငှက်ပျောသီးဈေးနှုန်းများသည် ဖီးကြမ်း အဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၂၀၀၀၀၊ ရခိုင်ငှက်ပျောသီးအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀၊ သီးမွှေးငှက်ပျော အဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၄၅၀၀၀ နှင့် ဆင်စွယ်ငှက်ပျော အဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၄၅၀၀၀ ထိ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News