Local News

ကမ္ဘာ့ထုတ်လုပ်ရောင်းချမှုကွင်းဆက်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ပိုမိုပါဝင်နိုင်ရေးကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက နည်းလမ်းများရှာဖွေ

Last Updated:

     ကမ္ဘာ့ထုတ်လုပ်ရောင်းချမှုကွင်းဆက်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ပိုမိုပါဝင်နိုင်ရေး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် အတွေ့အကြုံနှီးနှောဖလှယ်ပွဲတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ကျင်းပခဲ့ပါသည်။

     အဆိုပါနှီးနှောဖလှယ်ပွဲကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ဆပ်ကော်မတီက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးသူများက ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများတွင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရက်ပေါင်း ၃၀ မှ ၄၀ အထိ ကြာမြင့်တတ်ကာ ကွဲပြားသော စာရွက်စာတမ်းအထောက်အထား (၉) မျိုးခန့်တင်ပြရကြောင်း၊ ကမ္ဘာ့ထုတ်လုပ်ရောင်းချမှုကွင်းဆက်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ပိုမိုပါဝင်နိုင်ရေးမှာ ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးနည်းလမ်းများ ကျင့်သုံးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပို့ကုန်သွင်းကုန်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပွင့်လင်းမြင်သာစေခြင်းနှင့် ဈေးကွက်ဝင်ရောက်ရေးအတွက် အကောက်ခွန်သက်သာခွင့် များကို လုပ်ငန်းရှင်များနားလည်စေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ကြပါသည်။

     ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံစုံနှင့်ဒေသတွင်းကုန်သွယ်မှုစနစ်များတွင် ပိုမိုပူးပေါင်းပါဝင်ခြင်းဖြင့် ယှဉ်ပြိုင်မှုစွမ်းရည် တိုးတက်လာသော်လည်း စားသောက်ကုန်အန္တရာယ်ကင်းရေး၊ အလုပ်သမားနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စံချိန်စံညွှန်းများ၊ သင်္ဘောတင်ခ၊ ထုတ်လုပ်ခ၊ ပို့ကုန်လိုအပ်ချက်များနှင့် ကိုက်ညီရေးစသည့် စိန်ခေါ်မှုများရှိကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စံချိန်စံညွှန်းများနှင့် ကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့ (Standards and Trade Development Facility)၊ ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ပိုမိုပူးပေါင်းပါဝင်နိုင်ရေးမူဘောင်(Enhanced Integrated Framework ) တို့က အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး ကူညီပေးကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ဗြိတိန်နိုင်ငံမှ ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက်တော့မည်နိုင်ငံများအတွက်ပေးအပ်မည့် ကုန်သွယ်မှု ဆိုင်ရာသက်သာခွင့်များကို ကြိုဆိုပါကြောင်း ဆွေးနွေးခဲ့ကြသကဲ့သို့ ဗြိတိန်နိုင်ငံမှလည်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ လိုအပ်ချက်များကို အသိအမှတ်ပြု၍ ဈေးကွက်ဝင်ရောက်နိုင်ရေး ပိုမိုရိုးရှင်းသော အကောက်ခွန်နှင့် ကိုတာကင်းလွတ်ခွင့်များကို ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

     ယခုအစည်းအဝေးမှ ရလဒ်များကို မတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ၏ ၅ ကြိမ်မြောက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ဆိုင်ရာဆွေးနွေးပွဲ (Fifth United Nations Conference on LDCs) တွင်လည်း ပါဝင်ဆွေးနွေးသွား မည်ဟု သိရှိရပါသည်။

ရင်းမြစ် ။       ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့

https://commerce.gov.mm

 

Category: Local News