Local News

ချင်းရွှေဟော် (မိန်းတိန်) နယ်စပ်ဂိတ်မှ နှစ်နိုင်ငံလူအဝင်အထွက် သွားလာမှုစတင်ဖွင့်လှစ်

Last Updated:

     မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသတွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလက လူဝင်/ လူထွက်အနေဖြင့် မြန်မာနိုင်ငံသားများအား ကိန်းမခရိုင် မိန်းတိန်မြို့အထိ ဝင်ရောက်ခွင့်ပြုပြီး တရုတ်နိုင်ငံသားများအား ချင်းရွှေဟော်မြို့အထိ သွားလာခွင့်ပြုခဲ့သည်။ မြန်မာကုန်တင်ယာဉ်များအနေဖြင့် တရုတ်နိုင်ငံ၊ ချင်းရွှေဟော်မြို့ကုန်တင်ယာဉ်များ ယာဉ်ရပ်နားကွင်း(ကုန်ချိန်းကွင်း)များအထိလည်းကောင်း၊ ကြံတင်ယာဉ်များအနေဖြင့် မိန်းတိန်မြို့ နမ့်ဟွာသကြားစက်အထိလည်းကောင်းသွားလာခွင့်ပြုခဲ့သည်။

     ချင်းရွှေဟော်မြို့ (မြန်မာ)၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများအား (၁၈-၄-၂၀၂၁) ရက်နေ့မှစ၍ တရုတ်နိုင်ငံဘက်မှ တဖက်သတ်ရပ်ဆိုင်းခဲ့ပြီး (၂၆-၁၁-၂၀၂၁) ရက်နေ့မှသာ နှစ်နိုင်ငံတရားဝင်ကုန်သွယ်မှုဝင်ထွက်ဂိတ်နမ့်ဖာဟော်တံတားမှ နှစ်နိုင်ငံပို့ကုန်သွင်းကုန်များအား အပြန်အလှန်တင်ပို့/တင်သွင်းမှု ပြန်လည်စတင်နိုင်ခဲ့သည်။ မြန်မာဘက် လောက်ကိုင်မြို့နှင့် ဆက်စပ်တစ်ဖက်နိုင်ငံ နမ်ဆန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ (၂၄-၂-၂၀၂၂) ရက်နေ့တွင် ထပ်မံယာယီရပ်ဆိုင်းခဲ့ပြီး (၂၂-၃-၂၀၂၂) ရက်နေ့မှသာ နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။သို့ရာတွင်နှစ်နိုင်ငံ လူအဝင်အထွက်အား တစ်ဖက်နိုင်ငံမှ ၂၀၂၂ခုနှစ်၊ မတ်လမှစ၍ ခွင့်ပြုထားခြင်း မရှိသေးသည့်အတွက် ယာဉ်မောင်းများသည် နမ့်ဖာဟော်တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့် စနစ်ဖြင့် PPE အဆင့်-၂ ဝတ်စုံဝတ်ဆင်၍ မောင်းနှင်ခဲ့ရသည်။

     အထက်ဌာန၏ခွင့်ပြုချက်အရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက် (၀၉:၄၅) အချိန်တွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး၊ ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊စခန်းမှူးရဲအုပ်စိုင်းရှုအောင်၊ လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ ချင်းရွှေဟော်နယ်စပ် စစ်ဆေးရေးစခန်းတာဝန်ခံ လူဝင်မှုကြီးကြပ်ရေးမှူး ဦးနိုင်ဝင်းဇော်၊ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးရှာမွေလခွန်း၊ သက်ဆိုင်ရာဌာနများနှင့် တရုတ်နိုင်ငံဘက်ခြမ်းမှ နယ်စပ်စီးပွားရေးဇုန် ဒုတိယအတွင်းရေးမှူးမစ္စတာ ရှိန်ရှုပ်ချန်၊ ကိန်းမခရိုင် ပြည်ပဆက်ဆံရေးဌာနမှူး မစ္စတာကျန်တာနဲ၊ မိန်းတိန် နယ်စပ်ဂိတ် လူဝင်/ ထွက် တာဝန်ခံ မစ္စတာလျှိုရှောက်ဝူတို့နှင့် တွေ့ဆုံပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက် (၁၀:၀၀)  အချိန်မှစ၍ ချင်းရွှေဟော်(မိန်းတိန်)နယ်စပ်ဂိတ်ပေါက်တွင် ခရီးသည် လူဝင်/ လူထွက်နှင့် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့်ယာဉ်မောင်းများ ဝင်/ထွက်သွားလာမှုအား စတင်ဖွင့်လှစ်ခဲ့သည်။

     ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက် (၁၁:၄၅) အချိန်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် အဖွဲ့ဝင် ဦးခင်မောင်လွင်တို့သည် အဆိုပါ တရုတ်နိုင်ငံ တာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံခဲ့ပြီး ခရီးသည် လူအဝင်အထွက်များအား နွေးထွေးစွာ ကြိုဆိုဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

https://commerce.gov.mm

Category: Local News