International News

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်မှုများပြားခဲ့ခြင်းကြောင့် ဆန်ဝယ်လိုအား မြင့်မားခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့

Last Updated:

ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်များတွင် အသုံးပြုလျက်ရှိသည့် ဆန်များ၏ ဈေးနှုန်းများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြခဲ့ပါ သည်။ အဆိုပါ သတင်းတွင် ဂျပန်စိုက်ပျိုးရေးလုပ်ငန်းစု ဖြစ်သည့် JA Group အနေဖြင့် လုပ်ငန်း တွင် အသုံးပြုရန်အတွက် လယ်သမားများထံမှ ဆန်များကို ဈေးနှုန်းသတ်မှတ်ဝယ်ယူလေ့ ရှိကြောင်း၊  ယခုနှစ် ဆန်ဈေးနှုန်းမှာ ၆၀ ကီလိုဂရမ်တစ်အိတ်လျှင် ယန်း ၁၅,၀၀၀ (အမေရိကန် ဒေါ်လာ ၁၀၄ ဒေါ်လာ) ဖြစ်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စားသောက်ဆိုင်များတွင် လူကြိုက်များသည့် အခြားသော ဆန်အမျိုးအစားတစ်မျိုး၏  ဈေးနှုန်း မှာ ၃၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၁၆,၅၀၀ ယန်း ရှိခဲ့ကြောင်း၊ ဂျပန်ဆန် ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူကြပြီး၊ ကျန် ၆၀ ရာခိုင်နှုန်းကို အိမ်ထောင်စုများမှ လက်လီဝယ်ယူကြကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

အိမ်ထောင်စုများတွင် အသုံးပြုသည့် ဆန်များ၏ ဈေးနှုန်းများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ် ပါက ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ အိမ်ထောင်စုများတွင် သုံးစွဲ သည့် ဆန်ဈေးနှုန်းများမြင့်တက်မှုထက် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဆန်ဈေးနှုန်း များ မြင့်တက်မှုမှာ  အစဉ်အမြဲများပြားလေ့ရှိကြောင်း၊ အပူချိန် မြင့်မားခဲ့ခြင်းကြောင့် ဆန်ထွက် ရှိမှု နည်းပါးပြီး ဈေးကွက်အတွင်း ဆန်ပြတ်တောက်မှုများ ဖြစ်ပေါ်နေချိန်တွင် စီးပွားရေး လုပ်ငန်းများအနေဖြင့် စဉ်ဆက်မပြတ် ဆန်ဝယ်ယူရရှိနိုင်မှုကို အလေးထား ဆောင်ရွက်လာကြ ကြောင်း၊ စားသောက်ဆိုင် လုပ်ငန်းကြီးများအနေဖြင့် ဆန်ရရှိမှု သေချာစေရေးအတွက် လယ်သမားများထံမှ ကာလတိုနှင့် ကာလရှည် စာချုပ်များချုပ်ဆိုကာ ဆန်များကို ဈေးကောင်း ပေး၍ ဝယ်ယူကမ်းလှမ်းမှုများ ပြုလုပ်လာကြကြောင်း၊ Hidakaya စားသောက်ဆိုင်လုပ်ငန်းစု အနေဖြင့်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဆန်ဈေးကို ၂ ဆတိုးမြှင့်ကာ လာမည့် ၃ လအတွင်း အဆိုပါ ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ Origin Bento ဈေးဆိုင်များ ဆောင်ရွက်လျက် ရှိသည့် Origin Toshu အနေဖြင့်လည်း လာမည့် နှစ်အတွင်း ဆန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည့်အတွက် အဆိုပါ ဆန်ဈေးမြင့်တက်မှုကို ကာမိစေရေးအတွက် ထမင်းဘူးများ၏ ဈေးနှုန်းများကို တိုးမြှင့် ရောင်းချရန် ဆောင်ရွက်လျက် ရှိကြောင်း၊ Skylark Holdings အနေဖြင့် ၂၆-၉-၂၀၂၄ ရက်နေ့ တွင် ဆန်အသုံးပြုသည့် ဟင်းပွဲများ၏ ဈေးနှုန်းကို တိုးမြှင့်ခဲ့ကြောင်း၊ Gusto မိသားစု စားသောက်ဆိုင် လုပ်ငန်းအနေဖြင့် ဆန်ဈေးနှုန်းများကို ၁၅ ရာခိုင်နှုန်းတိုးမြှင့်ကာ ထမင်း ၁ ပွဲလျှင် ၂၃၀ ယန်း သတ်မှတ်ခဲ့ကြောင်း၊ ပြည်တွင်းထုတ် ဆန်ဈေးများ မြင့်မားလာမှုကြောင့် ပြည်ပမှ တင်သွင်းသော ဈေးသက်သာသည့် ဆန်များ၏ ဝယ်လိုအားမှာ မြင့်တက်ခဲ့ကြောင်း၊ လက်ကားရောင်းချသူများအနေဖြင့် လက်ရှိတွင် ပြည်တွင်းဆန်များကိုသာမက ပြည်ပမှ ဆန်များ ကိုပါ ရောင်းချလာကြကြောင်း ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia  

 

Category: International News