International News

ဂျပန်နိုင်ငံရှိ ကုန်စည်အမျိုးအစား ၃,၀၀၀ ၏ ဈေးနှုန်းများနှင့် စာပို့ခ နှုန်းထားများကို တိုးမြှင့်သတ်မှတ်သွားမည်

Last Updated:

ဂျပန်နိုင်ငံရှိ စားသောက်ကုန်နှင့် ဖျော်ရည် အမျိုးအစား ၃၀၀၀ ၏ လက်လီဈေးနှုန်းများ နှင့် စာပို့ခ နှုန်းထားများကို ၁-၁၀-၂၀၂၄ ရက်နေ့မှစ၍ တိုးမြှင့်သတ်မှတ်သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းတွင် တင်သွင်းကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း၊ ယန်းငွေ တန်ဖိုး ကျဆင်းခဲ့ခြင်းနှင့် သယ်ယူပို့ဆောင်ခများ မြင့်တက်ခဲ့ခြင်းကြောင့် ကုန်ဈေးနှုန်း များ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း Teikoku Databank ၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း၊ Asahi Soft Drinks အနေဖြင့် ၎င်း၏ ထုတ်ကုန် ၉၀ ရာခိုင်နှုန်းကျော်၏ ဈေးနှုန်းများကို တိုးမြှင့် သတ်မှတ် သွားမည် ဖြစ်ကြောင်း၊ Mitsuya Cider ၏ ဈေးနှုန်းကို ၄ ရာခိုင်နှုန်း တိုးမြှင့်၍ လည်းကောင်း၊  Calpis Water ၏ ဈေးနှုန်းကို ၂၃ ရာခိုင်နှုန်း တိုးမြှင့်၍ လည်းကောင်း သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ Ito En ကုမ္ပဏီအနေဖြင့် ထုတ်ကုန် ၂၀၇ မျိုး၏ ဈေးနှုန်းများကို တိုးမြှင့် သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ Oi Ocha ၏ ဈေးနှုန်းကို ၂ ရာခိုင်နှုန်းတိုးမြှင့်၍ လည်းကောင်း၊ Healthy Mineral Barley Tea ၏ ဈေးနှုန်းကို ၃၆ ရာခိုင်နှုန်း တိုးမြှင့်၍ လည်းကောင်း သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ Koike-ya အနေဖြင့် အာလူးကြော်နှင့် အခြားမုန့်များ၏ ဈေးနှုန်းများကို ၄ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Japan Post အနေဖြင့် လက်ရှိ စာပို့ခနှုန်းထားများကို ၈၄ ယန်းမှ ၁၁၀ ယန်းသို့ လည်းကောင်း၊ Postcard နှုန်းထားများကို ၆၃ ယန်းမှ ၈၅ ယန်းသို့လည်းကောင်း၊ Letter Pack Lite ၏ ဈေးနှုန်းများကို ၃၇၀ ယန်းမှ ၄၃၀ ယန်းသို့လည်းကောင်း၊ Letter Pack Plus ၏ ဈေးနှုန်းများကို ၅၂၀ ယန်းမှ ၆၀၀ ယန်းသို့လည်းကောင်း တိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ စာပို့ခနှုန်းထားများ တိုးမြှင့်သတ်မှတ်မှုမှာ ၁၉၉၄ ခုနှစ်မှစတင်၍ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဒစ်ဂျစ်တယ်အသုံးပြုမှု များပြားလာခြင်းကြောင့် စာပို့မှုအရေအတွက် ကျဆင်းလျက် ရှိခြင်းနှင့် အခြားသော အကြောင်းအရာများကြောင့် စာပို့ခနှုန်းထားများကို တိုးမြှင့်သတ်မှတ် ရခြင်း ဖြစ်ကြောင်း Japan Post က ထုတ်ပြန်ထားကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍လည်း စားသောက်ကုန်နှင့် ဖျော်ရည်အမျိုးအစား၂,၈၀၀ ကျော်၏ ဈေးနှုန်းများမြင့်တက် ခဲ့ဖူးကြောင်း ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Japan Today 

Category: International News