International News

အင်ဒိုနီးရှားနိုင်ငံသည် ဇီဝဒီဇယ် ၅၀ ရာခိုင်နှုန်း (B50) ထုတ်လုပ်မှုကို အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်ပြီး စားအုန်းဆီကြမ်းကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှု လျှော့ချလာနိုင်

Last Updated:

အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ခံသမ္မတ Prabowo Subianto က အခမ်းအနားများတွင် ဇီဝဒီဇယ် ၅၀ ရာခိုင်နှုန်း (B50) အစီအစဉ် အကောင်အထည်ဖော်မှုကို အရှိန်မြှင့် ဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြားမှုများ ရှိပါသည်။ အဆိုပါအစီအစဉ်ဖြစ်ပေါ်လာပါက အင်ဒိုနီးရှား နိုင်ငံအနေဖြင့် စားအုန်းဆီကြမ်း တင်ပို့မှုကို လျှော့ချလာနိုင်ပြီး တင်ပို့ခြင်း မပြုလုပ်သည့် အခြေအနေလည်းဖြစ်လာနိုင်ကြောင်း အင်ဒိုနီးရှားဆီအုန်းအသင်းက ဖော်ပြထားပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Sudaryono က “B50 အစီအစဉ်ကို ကမ္ဘာ့ ဈေးကွက်တွင် အပေးအယူညှိနှိုင်းနိုင်မှုမြှင့်တင်နိုင်ရန်နှင့် အင်ဒိုနီးရှားနိုင်ငံ၏ စွမ်းအင်ကဏ္ဍ အားကောင်းစေရန်ဟူသည့် မဟာဗျူဟာ ၂ ခုအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အနောက်နိုင်ငံများ၏ ဆီအုန်းကဏ္ဍအပေါ် ထိခိုက်စေလိုသည့် မူဝါဒများကို ရင်ဆိုင် ဖြေရှင်း နိုင်ရန် မဟာဗျူဟာတစ်ခုလည်းဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီတင်ပို့မှု တိုးတက်စေရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆီအုန်းသည် ကမ္ဘာ့ဈေးကွက် တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အကောင်းဆုံးပြင်ဆင်ထားသည့် ကုန်စည်ဖြစ်ကြောင်း၊ ကမ္ဘာ့ ဈေးကွက်တွင် ဆီအုန်းထုတ်ကုန်များ ပြဿနာများနှင့် ရင်ဆိုင်ရပါက စားအုန်းဆီကြမ်း (CPO) ကို B50 သို့ ပြောင်းလဲနိုင်ကြောင်း၊ တင်ပို့ရခြင်းမရှိသည့် စားအုန်းဆီများကို အသုံးပြုခြင်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် အပေးအယူညှိနှိုင်းနိုင်မှုကို အားကောင်းစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

“အင်ဒိုနီးရှားနိုင်ငံသည် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုပြုလုပ်သည့် အကြီးဆုံးနိုင်ငံ ဖြစ်ကြောင်း၊ သို့ရာတွင် ဆီအုန်းကဏ္ဍရှိ ပါဝင်ပတ်သက်သူများ၊ ကုမ္ပဏီများ၊ လုပ်ငန်းငယ်များ မှာ ၎င်းတို့၏ ထုတ်ကုန်များ တင်ပို့နိုင်မှုနှင့်စပ်လျဉ်း၍ စိုးရိမ်မှုများရှိနိုင်ကြောင်း၊ စားအုန်းဆီ တင်ပို့မှုကို နှောင့်နှေးစေရန် ပြုလုပ်သည့်နိုင်ငံရှိပါက စားအုန်းဆီအစား B50 အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်ကြောင်း၊ အင်ဒိုနီးရှားစားအုန်းဆီကို ပြည်ပမှ မဝယ်ယူပါက စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း၊ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အစားအစာနှင့် စွမ်းအင်တွင် ထိန်းချုပ်နိုင်သည့် အားသာချက်ရှိကြောင်း၊ B50 အစီအစဉ်အကောင်အထည်ဖော်မှုအပြင် ဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းကို ထိန်းချုပ်နိုင်ကြောင်း” Sudaryono က ပြောကြားခဲ့ပါ သည်။

“အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်နေသည့် မဟာဗျူဟာမှာ ဘရာဇီးနိုင်ငံက ကြံနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခဲ့သည့် နည်းလမ်းနှင့်တူကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာန အနေဖြင့် စားအုန်းဆီမှ ဇီဝဒီဇယ်ထုတ်လုပ်မှုကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိထုတ်လုပ်လျက်ရှိသည့် B35 မှ B40၊ B50 ထုတ်လုပ်နိုင်ရေး ဆက်လက်ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ပြီး နည်းပညာရှိထားပြီးဖြစ်သည့်အတွက် B100 အဖြစ် ထုတ်လုပ်နိုင်ရေးကို လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် တင်ပို့မှုပြုလုပ်နေသည့် အကြီးဆုံးနိုင်ငံ ဖြစ်ရာ တင်ပို့မှုလျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းများ ပြုလုပ်လာပါက ကမ္ဘာ့ဈေးကွက်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု၊ စားအုန်းဆီတင်သွင်း၊ တင်ပို့မှုများတွင် ချိန်ညှိဆောင်ရွက်နိုင်ပါရန် သုံးသပ်တင်ပြအပ်ပါသည်။

ရင်းမြစ်။        Indonesian Palm Oil Association

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

 

 

Category: International News