International News

Space X သည် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြုပ်နှံရန် စီစဉ်

Last Updated:

အာကာသယာဉ်၊ ဂြိုလ်တုလွှတ်တင်ခြင်းနှင့် ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသည့် အမေရိကန်အခြေစိုက် Space X ကုမ္ပဏီသည် ၎င်း၏ဒစ်ဂျစ်တယ် စီးပွားရေးကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီ ယံ အထိ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

Space X ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် အစိုးရရေးရာကိစ္စရပ်များ၏ ဒုတိယ ဥက္ကဌဖြစ်သူ Mr Tim Hughes သည် ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ၏ အစီအစဉ်ကို ကြေညာခဲ့ပြီး Space X ၏ ဂြိုလ်တုအင်တာနက် ပရောဂျက်နှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံ၏ အလားအလာများကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဗီယက်နမ်သမ္မတ To Lam နှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

အမှုဆောင်အရာရှိသည် ဗီယက်နမ်နိုင်ငံ၏ အင်တာနက်ဝန်ဆောင်မှုဆိုင်ရာမူဝါဒကို ထောက်ခံ အားပေးရန် ကတိကဝတ်ပြုထားပြီး ဗီယက်နမ်အစိုးရထံမှ Space X ပရောဂျက်အတွက် ခွင့်ပြုချက်နှင့် ပံ့ပိုးကူညီမှုပေးမည်ဟု မျှော်လင့်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

Space X သည် Starlink ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံး နီးပါးတွင် အင်တာနက်ပေးနိုင်ရန် ပတ်လမ်းနိမ့် ဂြိုလ်တု ၆,၀၀၀ ကျော်ကို ဖြန့်ကျက်ထားကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ ပါတီအထွေထွေအတွင်းရေးမှူးနှင့် သမ္မတဖြစ်သူ To Lam က ဗီယက်နမ် နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်း Yagi ၏အကျိုးဆက်များကို လျော့ပါးသက်သာ စေရန် Space X ၏ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါကြောင်း၊ Starlink ဝန်ဆောင်မှုများသည် အနာဂတ်တွင် ဗီယက်နမ်သဘာဝဘေး အန္တရာယ်များကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ       တုံ့ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ သမ္မတ To Lam က ခေတ်သစ်တွင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရေးကြီးသော မောင်းနှင်အားအဖြစ် ဗီယက်နမ်က ရှုမြင်ပါကြောင်းနှင့် Space X ၏ ရင်းနှီး မြှုပ်နှံမှု အစီအစဉ်နှင့် ပတ်သက်၍ လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်အစိုးရသည် SpaceX ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ထည့်သွင်းစဉ်းစားနေပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးမြောက်ရန် သက်ဆိုင်ရာ ဗီယက်နမ်အေဂျင်စီများနှင့် မိတ်ဖက်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် သမ္မတ To Lam မှ အကြံပြုခဲ့ကြောင်း သိရှိရပါသည်။

ဒုတိယဥက္ကဌTim Hughes သည် စက်တင်ဘာ ၆ ရက်က ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နှင့် ဟနွိုင်းတွင် တွေ့ဆုံရာတွင်လည်း ၎င်း၏ကုမ္ပဏီအနေဖြင့် Starlink  ၏ ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုများကို ဗီယက်နမ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန်နှင့် ပံ့ပိုးပေးရန် အဆင်သင့်ရှိကြောင်း ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

Space X ပရောဂျက်သည် အလွန်ထိရောက်ပြီး ဗီယက်နမ်လူဦးရေ၏ ၁၀၀ ရာခိုင်နှုန်း အထိ အင်တာနက်လွှမ်းခြုံမှုပေးနိုင်ကြောင်းနှင့် ဗီယက်နမ်အနေဖြင့် လိုအပ်သည့် အခြေခံ အဆောက်အဦများ ကြိုတင်ပြင်ဆင်ထားရန် အကြံပြုခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

Source: Vietnam Net Global

စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဟနွိုင်းမြို့

 

Category: International News