အမေရိကန်မဲဆန္ဒရှင်များက သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလမတိုင်မီ စီးပွားရေးအခြေအနေများနှင့် လျော့နည်းသည့် ငွေကြေးဖောင်းပွမှုတို့ကို မျှော်မှန်းကြ သဖြင့် ၎င်းကိုသမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့် ၏ အဓိကကျသည့် စီးပွားရေးဆိုင်ရာနည်းလမ်းများမှာ အကောက်ခွန်နှုန်းတိုးမြှင့်ခြင်းနှင့် အခွန် ဖြတ်တောက်ခြင်းတို့ဖြစ်သော်လည်း ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် ပထမအကြိမ်နှင့် ကွဲပြားမှု ရှိလာနိုင်ကြောင်း၊ အကောက်ခွန်နှုန်းမြင့်မားကာ ကောက်ခံမှုနယ်ပယ်ကျယ်ပြန့်လာမည်ဖြစ်ပြီး အခွန် ဖြတ်တောက်မှုနယ်ပယ်ကျဉ်းလာနိုင်သည်ဟု Wall Street Journal အွန်လိုင်းသတင်းတွင် ဖော်ပြခဲ့ပါသည်။
ဒုတိယအကြိမ်သမ္မတသက်တမ်း၌ ဒေါ်နယ်ထရမ့်၏ ပထမဆုံးဆောင်ရွက်ချက်သည် လွှတ်တော်၏သဘောထားကို မေးမြန်းခြင်းမရှိဘဲ ဆောင်ရွက်သည့်အကောက်ခွန်ကိစ္စ ဖြစ်နိုင်ကြောင်း၊ သို့ရာတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဆွေးနွေးညှိနှိုင်းရမှုများကြောင့် အကောင်အထည် ဖော်ရန် နှောင့်နှေးနိုင်ကြောင်း၊ ၎င်း၏ပထမအကြိမ်သက်တမ်းတွင် တရုတ်နိုင်ငံအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခဲ့သည့်ကိစ္စမှာ (၁၁)လခန့် အချိန်ကြာမြင့်ခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သက်တမ်းအတွင်း ချမှတ်ခဲ့သည့် အကောက်ခွန်နှုန်းထားသည် ငွေကြေးဖောင်းပွမှုအပေါ် သိသာစွာသက်ရောက်မှုမရှိခဲ့သော်လည်း ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှုကို လျော့နည်းစေခြင်းနှင့် အလုပ်သမားဈေးကွက်ကျဆင်းကာ ဆန့်ကျင်ဘက်သို့ ဦးတည်စေခဲ့ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီတရက်အလိုတွင် လုပ်ခလစာတိုးနှုန်းသည် (၂.၄) ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း၊ ငွေတိုက်စာချုပ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်း၏ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် ငွေကြေး ဖောင်းပွမှုနှုန်းသည် (၁.၈) ရာခိုင်နှုန်းအောက်သို့ ရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။
ဒေါ်နယ်ထရမ့်က ၎င်း၏သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်း အနည်းဆုံး (၆၀) ရာခိုင်နှုန်းနှင့် သွင်းကုန်အားလုံးကို (၁၀) မှ (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဟု အဆိုပြုထားရာ ယင်းအကောက်ခွန်နှုန်းသည် ၁၉၃၀ နောက်ပိုင်းမှစ၍ အမြင့်ဆုံးဖြစ်ကြောင်း၊ ဤသို့အကောက်ခွန်နှုန်းတိုးမြှင့်မှုကြောင့် ၎င်း၏ပထမအကြိမ်သမ္မတ သက်တမ်းရှိ ငွေကြေးဖောင်းပွမှုထက် တိုးလာနိုင်ကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန် နှုန်း (၆၀) ရာခိုင်နှုန်းနှင့် (၁၀)ရာခိုင်နှုန်း တိုးနှုန်းသည် စားသုံးသူဈေးနှုန်းကို (၀.၉) ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်သည်ဟု Morgan Stanley က ခန့်မှန်းထားပါသည်။
ငွေကြေးဖောင်းပွမှုကို သက်ရောက်စေနိုင်သည့် အခြားအချက်များလည်းရှိနိုင်ကြောင်း၊ ၎င်း၏ သမ္မတသက်တမ်းအတွင်း ဒေါ်လာတန်ဖိုးမြင့်တက်လာနိုင်ပြီး ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် သွင်းကုန်ဈေးနှုန်းမြင့်တက်မှုကို ထေမိစေနိုင်ကြောင်း၊ အကြံပေးအချို့ကလည်း ဒေါ်နယ်ထရမ့် အနေဖြင့် အကောက်ခွန်နှုန်းတိုးမြှင့်ရန် ပြောကြားခြင်းသည် အခြားနိုင်ငံများ၏ အကောက်ခွန်ဆိုင်ရာ အတားအဆီးများ (Trade barriers) ကို လျှော့ချရန်အတွက် ခြိမ်းခြောက်လိုသည့် နည်းလမ်းတစ်ခု အဖြစ်ရှုမြင်ပြီး အကောက်ခွန်နှုန်းသည် လက်တွေ့တွင် အဆိုပြုသည့်နှုန်းထက် လျော့နည်းနိုင် ကြောင်း၊ အကယ်၍ အကောက်ခွန်နှုန်းကြောင့် စတော့ရှယ်ယာဈေးကွက်ကို ထိခိုက်ခြင်း သို့မဟုတ် အတိုးနှုန်းမြင့်မားခြင်းများ ဖြစ်ပေါ်စေပါက ၎င်းအနေဖြင့် ပြန်လည်ချိန်ညှိနိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်နယ်ထရမ့်အနေဖြင့် တရုတ်နိုင်ငံအပေါ် အကောက်ခွန်နှုန်းသည် (၆၀) ရာခိုင်နှုန်းမဟုတ်ဘဲ (၂၀)ရာခိုင်နှုန်းသာ ချမှတ်နိုင်ပြီး အခြားနိုင်ငံများ၏ ကုန်စည်အားလုံးအပေါ်တွင်လည်း အကောက်ခွန် သတ်မှတ်ကောက်ခံမှုရှိလာနိုင်မည်မဟုတ်ဟု Goldman Sachs က ခန့်မှန်းထားပါကြောင်း၊ ယင်း အခြေအနေတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် (၂.၇) ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း သိရှိရပါသည်။
သမ္မတဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်လွှတ်တော်ကိုယ်စားလှယ်များက ပြဋ္ဌာန်းခဲ့သည့် ၂၀၁၇ ခုနှစ် အခွန်ဥပဒေအရ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများကို အခွန်လျှော့ချ သတ်မှတ်ပေးလျက်ရှိကြောင်း၊ ယင်းဥပဒေသည် ၂၀၂၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ၎င်းအခွန်ဥပဒေကို ထပ်မံသက်တမ်းတိုးမြှင့်လာနိုင်ကြောင်းနှင့် ယင်းဥပဒေကို ဆက်လက်ကျင့်သုံးပါက (၁၀)နှစ်အတွင်း အမေရိကန်ဒေါ်လာ (၅)ထရီလီယံအထိ ကုန်ကျနိုင်သည်ဟု ဖက်ဒရယ်ရသုံး မှန်းခြေငွေစာရင်းကော်မတီက ခန့်မှန်းထားကြောင်း သိရှိရပါသည်။
ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအတွင်း အခြားအဆိုပြုချက်များဖြစ်သည့် ကော်ပိုရိတ်ခွန် လျှော့ချခြင်း၊ မေတ္တာကြေးရငွေ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်နှင့် အချိန်ပိုကြေးတို့အပေါ် အခွန်သက်သာခွင့်၊ မော်တော်ယာဉ်ဝယ်ယူရန်ချေးငွေအပေါ် အတိုးနှုန်းလျှော့ချခြင်းနှင့် ပြည်နယ်နှင့် ဒေသန္တရအစိုးရအခွန်များကို လျှော့ချသတ်မှတ်ခြင်းတို့ကြောင့် လာမည့်(၁၀)နှစ်အတွင်း အမေရိကန် နိုင်ငံ၏ ဘတ်ဂျတ်လိုငွေသည် အမေရိကန်ဒေါ်လာ (၄) ထရီလီယံအထိ တိုးလာနိုင်သည်ဟု သိရှိရ ပါသည်။
အခွန်လျှော့ချခြင်းသည် အခြားကဏ္ဍများကို တိုးတက်စေနိုင်ရာ ရီပတ်ဘလစ်ကန်အစိုးရသစ် လက်ထက်တွင် အကောက်ခွန်နှုန်းတိုးမြှင့်ခြင်းမရှိသည့်တိုင် အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်း သည် ၂၀၂၅ ခုနှစ်တွင် (၀.၅) ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် (၀.၄) ရာခိုင်နှုန်းအထိ တိုးလာနိုင်သည်ဟု Deutsche Bank က ခန့်မှန်းထားကြောင်း၊ အကယ်၍ တရုတ်နိုင်ငံအပေါ် အကောက်ခွန်နှုန်း (၆၀) ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများအပေါ် (၁၀)ရာခိုင်နှုန်း သတ်မှတ်ကောက်ခံပါက အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းသည် အနုတ်ဖက်သို့ရောက်ရှိနိုင်သည်ဟု Deutsche Bank ကခန့်မှန်းထားပါ ကြောင်း၊ အခွန်လျှော့ချမှုသည် အတိုးနှုန်းကို မြင့်တက်စေကာ ဘတ်ဂျက်လိုငွေဖြစ်ပေါ်စေနိုင်ရာ JP Morgan မှ အတိုးနှုန်းကျွမ်းကျင်ပညာရှင် Mr. John Barry က ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် လာမည့်နှစ်အတွက် ဘတ်ဂျက်လိုငွေကို Debt Auctions အစီအစဉ်ဖြင့် ဖြည့်သွင်းနိုင်သော်လည်း ဘတ်ဂျက်လိုငွေသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃.၃) ထရီလီယံရှိလာနိုင် သည်ဟု ခန့်မှန်းထားကြောင်း၊ အကယ်၍ သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို အကောင်အထည် ဖော်ပါက ဘတ်ဂျတ်လိုငွေ ပို၍များလာနိုင်ကြောင်း၊ ထို့ကြောင့် ရီပတ်ဘလစ်ကန်အစိုးရလက်ထက် တွင် (၁၀)နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းသည် (၀.၄) ရာခိုင်နှုန်းအထိ မြင့်တက် လာနိုင်ကြောင်း သိရှိရပါသည်။
ဒေါ်နယ်ထရမ့်က ကုမ္ပဏီငယ်များကို လျော့ဈေးဖြင့်ဝယ်ယူသည့်ကုမ္ပဏီများ (Merger Company)နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို လျော့ချရန် အဆိုပြုထားရာ စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုတိုးလာနိုင်ပြီး စီးပွားရေး တိုးတက် သဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျလာနိုင်ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံ၏ ရေနံ ထုတ်လုပ်မှုနှင့် လောင်စာဆီဈေးနှုန်းများသည် ကမ္ဘာ့ရေနံဈေးနှုန်းအပေါ် သက်ရောက်မှုဖြစ်စေသည့် ရေနံထုတ်လုပ်တင်ပို့သည့်နိုင်ငံများ အဖွဲ့, OPEC ၊ ကန့်သတ်ပိတ်ဆို့မှုများ၊ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု စသည်တို့အပေါ် များစွာမှီခိုနေရာ စီးပွားရေး တစ်ခုလုံးအပေါ် သက်ရောက်မှုကို ဖော်ပြနိုင်ရန်ခက်ခဲကြောင်း၊ အလားတူပင် တရားမဝင်ရွှေ့ပြောင်း နေထိုင်သူများကို ပြန်ပို့မည့်အစီအစဉ်ကြောင့် လုပ်ခလစာများ တိုးမြင့်ခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းတို့ ဖြစ်လာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ စီးပွားရေး မူဝါဒအစီအစဉ်သည် စီးပွားရေးတိုးတက်စေရန်သာ မဟုတ်ဘဲ တရုတ်နိုင်ငံအပေါ် မှီခိုမှုလျော့ချလျက် စက်မှုလုပ်ငန်းများတိုးတက်လာစေရန်နှင့် အလုပ် အကိုင်ကောင်းများ ရရှိနိုင်စေရန်ဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းတွင် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သည့် Mr. Robert Lighthizer ကလည်း “Globalization သည် ကမ္ဘာတစ်ဝှမ်း ပြတ်တောက်မှု၊ ကမောက်ကမဖြစ်မှုနှင့် ပျက်စီးခြင်းများဖြစ်စေပြီး ဆန့်ကျင်ဖက်အားဖြင့် ရှေးရိုးစွဲသမားများသည် ရိုးရာအစဉ်အလာများ၏တန်ဖိုးကို ကာကွယ်ပေးခြင်း၊ လူမှုအသိုက်အဝန်းအကြား ဆက်သွယ်၊ ဆက်နွှယ်မှုကိုထိန်းသိမ်းခြင်းနှင့် မိသားစုများနှင့် လူမှုအဖွဲ့ အစည်းများအတွက် တိုးတက်စေရန် ဆောင်ရွက်ပေးသည်” ဟု ရေးသားခဲ့ကြောင်းနှင့် ၎င်းသည် ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် ထပ်မံ တာဝန်ပေး ခံရနိုင်သူဖြစ်သည်ဟုလည်း သိရှိရပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ