International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုမှာ တိုးတက်သောလမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်း ကင်ညာနိုင်ငံ၏ အမှုဆောင် အရာရှိတစ်ဦးမှပြောကြား

Last Updated:

တရုတ်-အာဖရိကနိုင်ငံများ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၌ စဉ်ဆက်မပြတ်တိုးတက်မှုများ တွေ့ကြုံခံစားနေရကြောင်း၊ ဒေသတွင်းကုန်ထုတ်လုပ်ခြင်း၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် လူငယ်များ၏ အလုပ်အကိုင်တိုးပွားလာခြင်းများအပါအဝင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းခဲ့ကြောင်း ကင်ညာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စည်းရုံးရေး အမှုဆောင်အရာရှိတစ်ဦးမှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          အာရှနိုင်ငံများသို့ တင်ပို့သည့် ကုန်ပစ္စည်း ပမာဏတိုးမြင့်လာပါက အာဖရိကသည် စည်ပင်တိုးတက်၍ အားလုံးပါဝင်နိုင်သော အနာဂတ်ကို ရရှိနိုင်မည်ဟု ကင်ညာနိုင်ငံ ကုန်သွယ်မှု တိုးတက်စေရေး ပံ့ပိုးကူညီဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကင်ညာအမျိုးသား ကုန်သည်များနှင့် စက်မှုလက်မှုကုန်သည်ကြီးများအသင်း အကြီးအကဲ Mr. Fredrick Mukilya က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံနှင့် အာဖရိက၏ ကုန်သွယ်မှုကို လေ့လာကြည့်ပါက အာဖရိကထုတ်ကုန်များကို တရုတ်နိုင်ငံအတွင်း လက်ခံလာပြီးနောက် ဆယ့်လေးနှစ်တာကာလအတွင်း တဖြေးဖြေးတိုးတက် လာခဲ့ကြောင်း၊ လယ်ယာထွက်ကုန်များ တင်ပို့မှုမှာ နှစ်စဉ် ၁၁.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ လယ်ယာထွက်ကုန်ပမာဏ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အာဖရိကနိုင်ငံများရှိ အစိုးရများအနေဖြင့် ထပ်တိုးရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခြင်း၊ ဇီဝပိုးမွှားကင်းစင်ရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီစေရေး ထုတ်လုပ်သူစွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်သင့်သည်ဟု Mr. Fredrick Mukilya က အကြံပြုခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်အစောပိုင်းတွင် ကင်ညာအမျိုးသားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များကို ချိတ်ဆက်ကူညီနိုင်ရေးအတွက် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၊ မြို့တော် ချန်းရှတွင် ရုံးခန်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရ ပါသည်။

          ကင်ညာနိုင်ငံက လွန်ခဲ့သော (၂) နှစ်က  တရုတ်နိုင်ငံသို့ Hass အမျိုးအစား ထောပတ်သီးများ တင်ပို့ခဲ့ကြောင်း၊ ကမ်းရိုးတန်းဒေသမှ ထွက်ရှိသော ငါးပါးနီ ပထမအသုတ်ကို အာရှနိုင်ငံများသို့ တင်ပို့ရန် ရည်ရွယ်လျက် ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ချန်းရှတွင် ကျင်းပသည့် တတိယ အကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်မှုကုန်စည်ပြပွဲတွင် ပြသခဲ့ကြောင်း သိရှိ ရပါသည်။

          ကင်ညာနိုင်ငံသည် ကော်ဖီ၊ လက်ဖက်၊ ပန်းနှင့် သီဟိုဠ်စေ့များကို တရုတ်နိုင်ငံဈေးကွက်သို့ တိုးမြှင့်တင်ပို့ရန် အလားအလာကောင်းမွန်သည့် အနေအထားတွင်ရှိကြောင်း၊ တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်မှု ကုန်စည်ပြပွဲအတွင်း ကင်ညာကိုယ်စားလှယ်အဖွဲ့သည် အရှေ့အာဖရိက နိုင်ငံများမှ ကော်ဖီတင်သွင်းရန် စိတ်အားထက်သန်လျက်ရှိသော တရုတ်လုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

Source: China-Africa economic, trade cooperation on progressive trajectory: Kenyan executive (www.gov.cn)

ဒေါ်သင်းသင်းအောင်

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

Category: International News