International News

ဗီယက်နမ်နိုင်ငံတွင်အခွန်ရငွေသည် နှစ်စဉ် လျာထားချက်၏ ၇၆ ရာခိုင်နှုန်းထိကောက်ခံရရှိ

Last Updated:

         နိုင်ငံတော်ဘတ်ဂျက်အတွက် အခွန်ကဏ္ဍမှ ၂၀၂၃  ခုနှစ် ပထမ ကိုးလတွင် ကောက်ခံ ရရှိမှု စုစုပေါင်းမှာ  ဗီယက်နမ်ဒေါင် ၁၀၄၈ ထရီလီယံ (ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံ) ကျော်ရရှိခဲ့သည်။ ဤပမာဏသည် တစ်နှစ်ပတ်လုံး ခန့်မှန်းရငွေ၏ ၇၆.၃% နှင့် ညီမျှပြီး ယခင်နှစ် အလားတူကာလအတွင်း ကောက်ခံရရှိသည့် ပမာဏထက် ၉၄.၉ % ပိုမို ကောက်ခံနိုင်ခဲ့ပါသည်။ အဆိုပါ အချက်အလက်များကို အခွန်ဦးစီးဌာနက အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

          ပြေစာနှင့်အခွန်အမျိုးအစား ၂၀  တွင် ၁၃ မျိူးမှ ကောက်ခံရရှိမှုသည် ၇၆% ရရှိခဲ့သည်။ နိုင်ငံပိုင် စီးပွားရေးကဏ္ဍမှ ၈၀ %   ကောက်ခံရရှိပြီး ပုဂ္ဂလိကဝင်ငွေခွန်နှင့် ဝန်ဆောင်ခများမှ ၀င်ငွေ မှာ  ၇၈.၄ % နှင့် ၈၂.၄% အသီးသီးရှိမည်ဟု ခန့်မှန်းရပါသည်။

          နိုင်ငံအတွင်းရှိ ပြည်နယ်နှင့် ဗဟိုဦးစီးချုပ်ကိုင်သော မြို့ကြီး ၆၃ ခုအနက် ၂၅ ခုသည် ၎င်းတို့၏ တစ်နှစ်တာ လျာထားချက်၏ ၇၆ ရာခိုင်နှုန်းကျော် ကောက်ခံရရှိခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

            ၂၀၂၃  ခုနှစ်တွင် စီးပွားရေးပြန်လည်နာလန်ထူလာစေရေး ကူညီပေးရန်အတွက် တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီရန် အမျိုးသားလွှတ်တော်နှင့် အစိုးရတို့သည် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဆိုပါမူဝါဒများတွင် အခွန်လျှော့ချခြင်း၊ ကင်းလွတ်ခွင့်နှင့် တိုးချဲ့ဆောင်ရွက်ခြင်းတို့ ပါဝင်ပြီး စုစုပေါင်းအခွန်ငွေ ၁၄၈ ဒသမ ၃ ထရီလီယံ လျှော့ချရန် မူဝါဒများ ထုတ်ပြန်ခဲ့သည်။

           အခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mai Xuan Thanh က ဘတ်ဂျက်ကောက်ခံမှုသည် ယခုနှစ် နောက်ဆုံးသုံးလပတ်တွင် အခက်အခဲများစွာ ကြုံတွေ့ရဦးမည်ဟု မျှော်လင့်ထားကြောင်း၊ ထို့ကြောင့် အခွန်ကဏ္ဍသည် ပေးအပ်ထားသည့် လျာထားချက်များကို ကောက်ခံနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

          ဥပဒေစည်းမျဉ်းများနှင့်အညီ စီးပွားရေးလုပ်ငန်းများအတွက် တန်ဖိုးဖြည့်ခွန် ပြန်အမ်းမှုများကို အရှိန်မြှင့် ဆောင်ရွက်နေချိန်တွင် အခွန်ဘဏ္ဍာငွေစီမံခန့်ခွဲမှုကို အားကောင်းလာစေရန်နှင့် အခွန်ဆုံးရှုံးမှုများကို ကာကွယ်ရန် နည်းလမ်းများကို တပြိုင်တည်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

Source : Vietnam Plus

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News